ထိုင်းနိုင်ငံတွင် တောမီးလောင်မှုသည် လူနေဧရိယာနှင့် ပိုမိုနီးကပ်လာပြီး UNESCO စာရင်းဝင် သစ်တောဥယျာဥ် အန္တရာယ်ရှိနေ

ထိုင်းနိုင်ငံတွင် တောမီးလောင်မှုသည် လူနေဧရိယာနှင့် ပိုမိုနီးကပ်လာပြီး UNESCO စာရင်းဝင် သစ်တောဥယျာဥ် အန္တရာယ်ရှိနေ
By Mr John

 ထိုင်းနိုင်ငံ အလယ်ပိုင်းတွင် တောင်တန်း (၃) ခု တစ်လျှောက် တောမီးလောင်မှုများ ဖြစ်ပွားနေရာ မီးသတ်သမားများ တောမီးကို ထိန်းချုပ်နိုင်ရန် ကြိုပမ်းနေကြရသည်။ 

ဘန်ကောက်မြို့တော်၏ အရှေ့မြောက်ဘက် မိုင် (၅၀) အကွာ နခွန်းနယုတ် ပြည်နယ်ရှိ Khao Chaplu တောင်တွင် ၂၀၂၃ခုနှစ် မတ်လ (၂၈) ရက် ညနေပိုင်းက မိုးကြိုးပစ်မှုကြောင့် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့နောက် တောင်တန်း (၃)ခု တစ်လျှောက် သစ်တောဧက (၂၈၀) နီးပါးတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မတ်လ (၃၀) ရက်နေ့တွင်မူ တောမီးလောင်မှုမှာ လူနေဧရိယာများနှင့် ပိုမိုနီးကပ်လာခဲ့သည်။ 

လေပြင်းတိုက်မှုကြောင့် Khao Yai အမျိုးသားဥယျာဥ်သို့ တောမီးကူးစက်လာမည်ကို အာဏာပိုင်များက စိုးရိမ်ပူပန်နေကြသည်။ 

ယခုတောမီးလောင်နေသည့် နေရာနှင့် ထိုအမျိုးသားဥယျာဥ်မှာ (၂) မိုင်နီးပါးမျှသာ ဝေးကွာကြောင်း သိရသည်။

 Khao Yai National Park(ခေါင်ယိုင်အမျိုးသားဥယျာဥ်)မှာ Dong Phayayen-Khao Yai သစ်တောကြိုးဝိုင်းမှ အကျယ်အဝန်း (၆,၁၅၂) စတုရန်းကီလိုမီတာရှိသည့် ဘေးမဲ့သစ်တော၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် UNESCO ၏ (၁၈၄) ခုမြောက် သဘာဝကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာအဖြစ် သတ်မှတ်ခံခဲ့ရသည်။ 

ထိုင်းနိုင်ငံ မိုးလေဝသဌာန၏ သတိပေးထုတ်ပြန်ချက်အရ ယခုတောမီးလောင်မှုကို လာမည့် (၃) ရက်မှ (၄) ရက်အတွင်း မထိန်းချုပ်နိုင်ပါက ဘန်ကောက်နှင့် အနီးပတ်ဝန်းကျင် ပြည်နယ်များတွင် လေထုညစ်ညမ်းမှု အခြေအနေဆိုးရွားလာမည်ဟု ဆိုသည်။

နခွန်းနယုတ် ပြည်နယ်အုပ်ချုပ်ရေးမှူး Bancha Chaowarin က မတ်လ (၃၀) ရက်တွင် ပြောကြားမှုအရ အာဏာပိုင်များအနေဖြင့် တောမီးလောင်မှုကို (၅) ရက်အတွင်း အပြည့်အဝ ထိန်းချုပ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ 

ထိုင်းနိုင်ငံ ဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လျှော့ချရေးဌာနက တောမီးလောင်မှု ငြှိမ်သတ်ရေးတွင် ကူညီရန် ရဟတ်ယာဥ် (၃) စီး စေလွှတ်လိုက်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

Khao Chaphlu တောင်တွင် စတင်ဖြစ်ပွားခဲ့သည့် တောမီးလောင်မှုမှာ Khao Laem နှင့် Khao Tabaek သစ်တောဥယျာဥ်များသို့ မတ်လ (၂၈) ရက်နှင့် (၂၉) ရက် ညတွင်းချင်း ကူးစက်ပျံ့နှံ့သွားခဲ့သည်။ 

မတ်လ (၃၀) ရက်နေ့တွင် Khao Chaphlu တောင်နှင့် Khao Tabeak သစ်တောဥယျာဥ်တွင် မီးလောင်နေမှုကို မြင်တွေ့နေရဆဲဖြစ်ပြီး Khao Laem သစ်တောဥယျာဥ်တွင်မူ မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီဟု ယူဆရကြောင်း သိရသည်။

Source: Bangkok Post, CNN

Photo: Krit Phromsakla Na Sakolnakorn/Thai News Pix/AFP/Getty Images, Nava Sangthong/AP,