မင်္ဂလာဆောင်ပွဲ မီးလောင်မှုကြောင့် အနည်းဆုံး လူ (၁၀၀) ကျော် သေဆုံး

မင်္ဂလာဆောင်ပွဲ မီးလောင်မှုကြောင့် အနည်းဆုံး လူ (၁၀၀) ကျော် သေဆုံး
စက်တင်ဘာ 29, 2023 | နိုင်ငံတကာသတင်း
By Mr John

 

အီရတ်နိုင်ငံ မြောက်ပိုင်းတွင် မင်္ဂလာပွဲတစ်ခု၌ မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၁၀၀) ကျော် သေဆုံးပြီး အခြား လူ (၁၅၀) ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များကို ကိုးကားပြီး အီရတ်အစိုးရသတင်းဌာန INA က ဖော်ပြသည်။ 

 ဖြစ်ပွားခဲ့သည့် မင်္ဂလာပွဲ မီးလောင်မှုအတွင်း သေဆုံးခဲ့သူများ၏ အလောင်းများကို ဆွေမျိုးများက မည်သူဖြစ်ကြောင်း ခွဲခြားအတည်ပြုနေခဲ့ကြသည်။ 

အီရတ်မြောက်ပိုင်း Nineveh နယ်မြေ Hamdaniya မြို့တွင် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့က ကျင်းပသည့် မင်္ဂလာပွဲအတွင်း မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်း၊ ဖယောင်းတိုင်များ ထွန်းညှိထားခြင်းနှင့် အခြား ပစ္စည်းများကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း အီရတ်ပြည်သူ့ကာကွယ်ရေးဌာနက ဆိုသည်။ 

အခင်းဖြစ်နေရာမှ ဗီဒီယိုမှတ်တမ်းများအရ Al Haytham မင်္ဂလာခန်းမကနေ ထူထပ်သော မီးခိုးလုံးများထွက်နေပြီး လူအုပ်စုများနှင့် အရေးပေါ် လူနာတင်ကားများကို ခန်းမ အပြင်ဘက်တွင် တွေ့ရသည်။

မီးလောင်မှုအတွင်း သတို့သားနှင့်သတို့ သမီးတို့ ဘေးကင်းလွတ်မြောက်ခဲ့သော်လည်း တုန်လှုပ်ခြောက်ခြားပြီး အကြီးအကျယ် စိတ်ထိခိုက်နေကြကြောင်း နှင့် မီးလောင်မှုအတွင်း သေဆုံးခဲ့သူများ၏ အလောင်းများကို ဆွေမျိုးများက မည်သူဖြစ်ကြောင်း ခွဲခြားအတည်ပြုနေခဲ့ခက်နေကြကြောင်း သိရသည်။ 

မင်္ဂလာခန်းမတွင် မီးလောင်လွယ်သော ပစ္စည်းများနှင့် ကုန်ကျစရိတ်သက်သာသော အဆောက်အအုံဆိုင်ရာ ပစ္စည်းများကို အသုံးပြုထားပြီး ဘေးအန္တရာယ်ကင်းရေး ညွှန်ကြားချက်များနှင့် လိုအပ်ချက်များကို လိုက်နာဆောင်ရွက်ထားခြင်း မရှိကြောင်း အာဏာပိုင်များက ပြောကြောင်း INA သတင်းက ဖော်ပြသည်။

 

Source: CNN