မြန်မာအိမ်အကူကို နှိပ်စက်သတ်ဖြတ်ခဲ့သည့် စင်ကာပူအမျိုးသမီးက အယူခံအတွက် သက်သေ အသစ်တင်သွင်း

မြန်မာအိမ်အကူကို နှိပ်စက်သတ်ဖြတ်ခဲ့သည့် စင်ကာပူအမျိုးသမီးက အယူခံအတွက် သက်သေ အသစ်တင်သွင်း
By Mr John

 မြန်မာအိမ်အကူ အမျိုးသမီးငယ်ကို အမျိုးမျိုးနှိပ်စက်ပြီး သတ်ဖြတ်ခဲ့မှုဖြင့် ထောင်ဒဏ် နှစ် (၃၀) ချမှတ်ခံထားရသည့် စင်ကာပူအိမ်ရှင် အမျိုးသမီး Gaiyathiri Murugayan က အယူခံအတွက် သက်သေအသစ်များ တင်သွင်းမှုကို တရားရုံးက မေလ( ၄) ရက်တွင် ပယ်ချလိုက်ကြောင်း သိရသည်။

သူမက အယူခံအတွက် နောက်ထပ် ပစ္စည်းများကို ထုတ်ဖော်ပြသပြီး သက်သေအသစ်များအဖြစ် တင်သွင်းခဲ့ရာ စင်ကာပူ အယူခံတရားရုံးက ၎င်းတို့မှာ အယူခံနှင့် မသက်ဆိုင်ကြောင်း ဆုံးဖြတ်ပယ်ချလိုက်သည်။



Gaiyathiri က ၎င်း၏ ပြစ်မှုများအတွက် ချမှတ်ခံထားရသည့် ပြစ်ဒဏ်ကို အယူခံဝင်ထားမှုအပေါ် တရားရုံးကြားနာစစ်ဆေးမှု မလုပ်ရသေးဟု ဆိုသည်။

တရားရုံးသို့ တင်သွင်းခဲ့သည့် သက်သေအသစ်များတွင် Gaiyathiri နှင့် အသတ်ခံရသည့် အိမ်အကူ၏ ဆွေမျိုးသားချင်းတို့ကြား အပြန်အလှန်ပြောထားသည့် WhatsApp မက်ဆေ့ချ်များလည်း ပါဝင်ပြီး မိသားစုက သူမကို ခွင့်လွှတ်သည်ဟုပြောထားကြောင်း သိရသည်။



Gaiyathiri က ၎င်းနှင့်ပတ်သက်၍ စိတ်ရောဂါအထူးကုဆရာဝန်၏ အစီရင်ခံစာကိုလည်း သက်သေအဖြစ် တင်သွင်းခွင့်ပြုရန် ပန်ကြားခဲ့သည်ဟု ဆိုသည်။

Piang Ngaih Don အမည်ရှိ မြန်မာအမျိုးသမီးငယ်မှာ (၁၄) လကြာ ကာလအတွင်း အမျိုးမျိုးနှိပ်စက်ခံခဲ့ရပြီးနောက် ၂၀၁၆ ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့တွင် သေဆုံးသွားခဲ့သည်။

စင်ကာပူ အထက်တရားရုံးက မြန်မာအိမ်အကူ၏ အဖြစ်ဆိုးနှင့် ပတ်သက်၍ ပြစ်ဒဏ်ခံထိုက်သော အဆိုးဆုံးလူသတ်မှုအဖြစ် သိသာထင်ရှားကြောင်း ပြောခဲ့သည်။



မြန်မာအိမ်အကူ အမျိုးသမီးငယ်မှာ နှိပ်စက်ခံရမှုကြောင့် လည်ပင်းရိုးကျိုးပြီး ဦးနှောက်ထိခိုက်ပျက်စီးကာ သေဆုံးသွားချိန်တွင် သူမ၏ ကိုယ်အလေးချိန်မှာ (၅၃) ပေါင်နီးပါးမျှသာ ရှိတော့ကြောင်းလည်း သိရသည်။

Piang Ngaih Don မသေဆုံးမီ ရက်ပိုင်းအတွင်း Gaiyathiri က သူမကို အငတ်ထားခဲ့ပြီး ညဘက်တွင် ပြတင်းပေါက်သံပန်း၌ ကြိုးဖြင့်ချည်နှောင်ထားခဲ့သည်။

ထို့အပြင် အမှိုက်ပုံးထဲမှ အစားအစာ မွှေနှောက်ရှာဖွေပါကလည်း Gaiyathiri က ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။



ယမန်နှစ် ဖေဖေါ်ဝါရီလတွင် ထိုအမှုနှင့်ပတ်သက်ပြီး စွဲချက် (၂၈) ခုအတွက် အပြစ်ရှိကြောင်း Gaiyathiri က ဝန်ခံခဲ့ပြီးနောက် ၎င်းကို ယမန်နှစ် ဇွန်လအတွင်း ထောင်ဒဏ် နှစ် (၃၀) ချမှတ်ခဲ့ခြင်း ဖြစ်သည်။

Gaiyathiri ကို နောက်ထပ် စွဲချက် (၈၇) ခုဖြင့်လည်း တရားစီရင်ရန် စဥ်းစားနေသည်ဟု ဆိုသည်။

ထို့အတူ ၎င်း၏ မိခင် Prema Naraynasamy ၊ ခင်ပွန်း Kevin Chelvam တို့ကိုလည်း အိမ်အကူကို နှိပ်စက်မှုဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။

Source: CNA