တရုတ်နိုင်ငံတွင်း ဝူဟန်အဆုတ်ရောင်ရောဂါကူးစက်မှု မထိန်းချုပ်နိုင်သေး၍ မူဆယ်မှ မြန်မာ့သစ်သီးတင်ပို့မှု ရပ်ဆိုင်းလုနီးပါးဖြစ်နေ

တရုတ်နိုင်ငံတွင်း ဝူဟန်အဆုတ်ရောင်ရောဂါကူးစက်မှု မထိန်းချုပ်နိုင်သေး၍ မူဆယ်မှ မြန်မာ့သစ်သီးတင်ပို့မှု ရပ်ဆိုင်းလုနီးပါးဖြစ်နေ
ဇန်နဝါရီ 28, 2020
By Tachileik News Agency

တရုတ်နိုင်ငံတွင်း ဝူဟန်အဆုတ်ရောင်ရောဂါကူးစက်မှု မထိန်းချုပ်နိုင်သေး၍ မူဆယ်မှ မြန်မာ့သစ်သီးတင်ပို့မှု ရပ်ဆိုင်းလုနီးပါးဖြစ်နေ

တရုတ်နိုင်ငံတွင်း ကော်ရိုနာဗိုင်းရပ်စ် (ဝူဟန်အဆုတ်ရောင်ရောဂါ) ကူးစက်ပျံ့နှံ့နေမှုကြောင့် သယ်ယူ ပို့ဆောင်ရေးလမ်းကြောင်းများ ကန့်သတ်မှုများရှိလာရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့မှ တရုတ်နိုင်ငံသို့ မြန်မာ့သစ်သီးတင်ပို့မှုမှာ ရပ်ဆိုင်းလုနီးပါးဖြစ်နေကြောင်း သိရသည်။

“ရွှေလီက ဘာမှ အရာမရောက်ဘူး။ ဖရဲသီးတွေက အတွင်းပိုင်းပြည်နယ်တွေကို ပို့ရတာ။ အခုအဲဒီဘက် အခြေအနေက တင်ပို့လို့ကို မရတာ။ တင်လိုက်ရင် မရောင်းရတဲ့အပြင် ကားခပါ ထပ်စိုက်ရမှာ။ ပြီးခဲ့တဲ့ ရက်တွေမှာက (တရုတ်) နှစ်သစ်ကူးမတိုင်မီမှာ အစီးရေ (၅၀၀)ကနေ (၇၀၀)လောက်အထိ တင်ရတယ်။ အခုက အနည်းအကျဉ်းတော့ အရောင်းအဝယ်ဖြစ်တယ်။ ဒီပုံစံအတိုင်းဆို ဒေသအတော်များများမှာ ရောဂါမကင်းမချင်းတော့ အရောင်းအဝယ်ဖြစ်အုံးမှာ မဟုတ်ဘူး။ အခု ဒီနေ့ဆို အစီးရေ (၁၀၀) ကျော်မှ အစီး (၂၀)၊ (၃၀)လောက်ပဲ ရောင်းရတယ်”

ဟု  မူဆယ် (၁၀၅)မိုင်၊ ကုန်သွယ်ရေးဇုန်၊ သစ်သီးဝလံကုန်စည်ဒိုင် ဥက္ကဌ ဦးစိုင်းမြင့်ဗိုလ်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့က ပြောသည်။

မူဆယ်မြို့မှနေ၍ တရုတ်နိုင်ငံဘက်သို့ သစ်သီးတင်ပို့မှုမှာ အခက်အခဲဖြစ်နေ၍ တောင်သူများအနေဖြင့် ဆုံးရှုံးမှုနည်းစေရန် သစ်သီးခူးဆွတ်၊ တင်ပို့မှုကို အခြေအနေစောင့်ကြည့် လုပ်ဆောင်ကြရန် မူဆယ် (၁၀၅)မိုင်၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့၌ မူဆယ် (၁၀၅)မိုင်၊ ကုန်သွယ်ရေးဇုန်၊ သစ်သီးဝလံကုန်စည်ဒိုင်က တောင်သူများသို့ အသိပေးထားသည်ကို တွေ့ရသည်။

“ဟိုဘက်က တရုတ်ပြည်ထဲက ပြည်နယ်တစ်ခုနဲ့ တစ်ခုနဲ့ပေးမဖြတ်ဘူးလေ။ ပေးမဖြတ်တော့ ကျွန်တော်တို့ ဒီဘက်ကသွားတဲ့အခါကျတော့ ကားတွေက သွားလို့မရတော့ဘူး။ ကျွန်တော်တို့ နယ်စပ်ကတော့ ပိတ်မထားဘူး။ ကျယ်ခေါင်နဲ့ကတော့ သွားလို့လာလို့ရတယ်”

ဟု မူဆယ်မှ North East Gate Public Co.,Ltd မန်နေဂျာ ဦးကျော်ကျော်လှိုင်က ပြောသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖြစ်ပွားခဲ့သည့် ကော်ရိုနာဗိုင်းရပ်စ် (ဝူဟန်အဆုတ်ရောင်ရောဂါ)မှာ လက်ရှိအချိန်ထိ ထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ ရောဂါကူးစက်ပျံ့နှံ့မှုနှင့် သေဆုံးမှုနှုန်းမှာ မြင့်တက်လာနေရာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့တွင် တရုတ်နိုင်ငံတွင်း ရောဂါကြောင့် သေဆုံးသူ (၁၀၆)ဦးနှင့် ရောဂါအတည်ပြုလူနာ (၄၀၀၀) ကျော်ရှိနေခြင်းဖြစ်သည်။

တရုတ်နိုင်ငံအတွင်း ရောဂါသံသယလူနာပေါင်း (၇၀၀၀)ကျော်ရှိနေရာ ရောဂါထိန်းချုပ်နိုင်ရေးအတွက် မြို့များကို အဝင်အထွက်ပိတ်ခြင်း၊ ဈေးများအပါအဝင် လူစည်ကားရာနေရာများအား ကန့်သတ်လိုက်သဖြင့် မြန်မာ့သစ်သီးတင်ပို့မှုကို ထိခိုက်လာခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~