မြိုင်မြို့နယ်အတွင်း ကန်နီရွာပျူစောထီးစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ဖြင့် အလင်းဝင်

မြိုင်မြို့နယ်အတွင်း ကန်နီရွာပျူစောထီးစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ဖြင့် အလင်းဝင်
ဖေဖော်ဝါရီ 21, 2024 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း မြိုင်မြို့နယ် ကန်နီရွာ ပျူစောထီးစခန်းတွင် တာဝန်ကျနေသည့် ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ ၂၀၂၄ ခုနှစ် ဖေဖော်ဝါ ရီလ(၂၀)ရက်နေ့တွင် အလင်းဝင်လာကြောင်း မြိုင် ပကဖ ထံမှ သိရသည်။

ရဲတပ်သား ရဲအောင်သည် ၂၀၂၂ ခုနှစ် ဇွန်လတွင် သရက်ခွရွာ ပျူစောထီးစခန်းတွင် (၁၀)ရက်ခန့် တာဝန်ကျခဲ့ပြီးနောက် မြိုင်မြို့ပေါ်တွင် (၂)ရက်နေ့ခဲ့ကာ ကန်နီရွာ ပျူစောထီးစခန်းတွင် (၁)နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်ဟု သိရသည်။

၎င်း၏ပြောဆိုချက်အရ ကန်နီရွာ ပျူစောထီးစခန်းရှိ စစ်ကောင်စီတပ်နှင့်ရဲများက ပျူစောထီးများအား အမျိုးသား၊ အမျိုးသမီးမရွေး ကင်းစောင့်ခိုင်းပြီး ရဲနှင့် စစ်ကောင်စီတပ်သားများမှာ သောက်စားနေကြကြောင်း ပြောဆိုသည်။

ကာကွယ်ရေးတပ်များ၏ ပိတ်ဆို့ဖြတ်တောက်မှုများကြောင့် ကန်နီ တွင် ဆန်ပြုတ် (၃)လနီးပါးစားခဲ့ရပြီး ဆေးလိပ်တစီးကို ငွေကျပ် (၆)သောင်း ဝန်းကျင်ဖြင့် ဝယ်သောက်နေရသည်ဟုလည်း ဆိုသည်။

ရွာအတွင်းမှ ပြည်သူများကို ပျူစောထီးအတင်းလုပ်ခိုင်း၍ မလုပ်လျှင် ရိက္ခာဖြတ်ပြီး ပျူစောထီးမလုပ်သူများ၏ ပစ္စည်းများကို သိမ်းဆည်းသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများမှာ ပျူစောထီးအမျိုးသမီးနှင့်   လူမှုရေးဖောက်ပြန်မှုများစွာဖြစ်နေပြီး ပျူစောထီးကျေးရွာများမှာ ယို့ယွင်းပျက်စီးနေသော လူ့အသိုက်အဝန်းဆီသို့ ဦးတည်နေသည်ဟု ပြောသည်။

ရဲတပ်သားရဲအောင်သည် မြိုင်ပကဖထံ အူစီသေနတ်တစ်လတ်၊ ၎င်းကျည်ဘောက် (၂)ခု၊ (၉)မမကျည် (၁၇)တောင့်ဖြင့် အလင်း ဝင်ရောက်လာခဲ့ပြီး မြိုင်ပကဖက ငွေကျပ်သိန်း(၅၀)ချီးမြှင့်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။