ပဲခူးမြို့နယ်အတွင်းရှိ BOSS KTV တွင် စကားများရန်ဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်သည့် ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူကို ရဲတပ်ဖွဲ့က ချက်ချင်းမဖမ်းဘဲ (၅)ရက် ကြာမှ ဖမ်းဝရမ်းထုတ်

ပဲခူးမြို့နယ်အတွင်းရှိ BOSS KTV တွင် စကားများရန်ဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်သည့် ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူကို ရဲတပ်ဖွဲ့က ချက်ချင်းမဖမ်းဘဲ (၅)ရက် ကြာမှ ဖမ်းဝရမ်းထုတ်
နိုဝင်ဘာ 26, 2022 | 2021 Military Coup| အခြားဒေသများ

ပဲခူးမြို့နယ်တွင်း ဥဿာမြို့သစ်တွင် ဖွင့်လှစ်ထားသည့် BOSS KTV တွင် ဓါးခုတ်မှု နှင့် သေနတ်ပစ်ခတ်မှု ဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်သည့် ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူ အဖွဲ့ကို ရဲတပ်ဖွဲ့က ချက်ချင်း မဖမ်းဆီးဘဲ (၅)ရက်ကြာမှ ဖမ်းဝရမ်းထုတ်သည်ဟု သိရသည်။ 

BOSS KTV တွင် ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့ ညပိုင်းက ပြည်သူ့စစ်ခေါင်းဆောင်ဟု ဆိုသည့် သန့်ဇင် နှင့် ဟိန်းထက်၊ မျိုးအောင် အပြင် ကိုသန့် တို့ (၄)ဦးသည် Boss KTV တွင် မန်နေဂျာအဖြစ် လုပ်ကိုင်နေသည့် စည်သူဆိုသူအား အလုပ်မှ ထွက်ရန် ပြောဆိုရင်း စကားများရာမှ ဓါးခုတ်မှုနှင့်အတူ သေနတ်ပစ်မှုအထိပါ ဖြစ်ပွားခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ပြည်သူ့စစ်ခေါင်းဆောင်ဟု ဆိုသည့် သန့်ဇင် အပါအဝင် (၄)ဦးသည်လည်း အဆိုပါ KTV လုပ်ငန်းတွင် ပါဝင်ပတ်သက်မှုရှိသည်ဟု သိရသည်။ 

ဖြစ်စဉ်မှာ စကားများရန်ဖြစ်ပြီး မန်နေဂျာဖြစ်သူ စည်သူ ဆိုသူက ပြည်သူ့စစ်ခေါင်းဆောင်ဟု ဆိုသည့် သန့်ဇင် အား ဓါးဖြင့်ခုတ်ရာ သန့်ဇင်ကို မခုတ်မိဘဲ ကြားဝင်လာသည့် ဟိန်းထက်ဆိုသူအား ခုတ်မိကြောင်း သိရသည်။

ယင်းနောက် ပြည်သူ့စစ်ခေါင်းဆောင် သန့်ဇင် က ၎င်းတွင် အမြဲအသင့်ဆောင်ထားသည့် သေနတ်ဖြင့် ခြိမ်းခြောက် ပစ်ခတ်ကြောင်း နှင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ရောက်ရှိလာကာ ကျည်များကို သိမ်းဆည်းပြီး KTV မန်နေဂျာဖြစ်သူ စည်သူအား ဖမ်းဆီးခေါ်ဆောင်သွားသော်လည်း ပြည်သူ့စစ်ခေါင်းဆောင်  သန့်ဇင် နှင့် အဖွဲ့ကို ဖမ်းဆီးခြင်း မရှိကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပဲခူးခရိုင်/မြို့နယ်ရဲတပ်ဖွဲ့က ညှိနှိုင်းပြီး ဖြစ်စဉ်ကိုသတင်းအမှောင်ချထားသော်လည်း ဒေသအတွင်း ကျော်ကြားသွားသည့်အတွက် ဖြစ်စဉ် ဖြစ်ပွားပြီး (၅)ရက်မြောက်နေ့ဖြစ်သည့် နိုဝင်ဘာလ(၂၅)ရက်နေ့တွင် ပြည်သူ့စစ်ခေါင်းဆောင် သန့်ဇင် နှင့်အဖွဲ့ကို ဖမ်းဝရမ်းထုတ်လိုက်သည်ဟု သိရသည်။

ပြည်သူ့စစ်ခေါင်းဆောင်ဟု ဆိုသည့် သန့်ဇင်နှင့် အဖွဲ့သည် ၎င်းသွားသည့် နေရာတိုင်းတွင် သေနတ်ယူဆောင်သွားလေ့ရှိပြီး   ယခုဖြစ်စဉ် ဖြစ်ပွားပြီးနောက် ၎င်းကို သေနတ်ထုတ်ပေးသည့် စစ်ကောင်စီ၏ အဖွဲ့အစည်းများကလည်း တာဝန်မခံလို၍ ခေါင်းရှောင်နေကြကြောင်းလည်း သိရသည်။

"တဖွဲ့လုံး ကားဝစ်သောက်စီးတယ်။ သေနတ်အတိုအရှည်တွေ ကားပေါ်တင်ပြီး လျှောက်သွားနေတာ။ ခုမှ ပြည်သူ့စစ်မဟုတ်ဘူးတဲ့။  အဲ့သေနတ် ဘယ်သူထုတ်ပေးလဲ မေးတော့ မသိရာကနေ ဖမ်းဝရမ်း ထုတ်တာ။ အခု ဖြစ်တဲ့ ဆိုင်ကို မပိတ်ဘဲ အကုန်ပိတ်ဆိုတော့ ကျန်တဲ့သူတွေက ပြသနာမဖြစ်ဘူးလေ။ အခွန်တွေ ဆောင်ထားတယ်။ စီမံအုပ်ချုပ်မှု မတရား လာဘ်စားတာပေါ့"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၂၆)ရက်နေ့တွင် ပြောသည်။

ပဲခူးမြို့နယ်အတွင်း၌ KTV များ အားလုံး ည(၇)နာရီနောက်ပိုင်း မဖွင့်ရန် အမိန့်ထုတ်ထားသော်လည်း ည(၁၂)နာရီအထိ ဖွင့်လိုပါက သတ်မှတ်နှုန်း ဈေးတစ်မျိုး၊ မိုးလင်းအထိ ဖွင့်လိုပါက သတ်မှတ်ဈေးနှုန်း တစ်မျိုးတို့ဖြင့် ဒေသအုပ်ချုပ်ရေးအာဏာပိုင်များကို ပေးကမ်းပြီး ဖွင့်လှစ်ခွင့်ရကြသည့်အတွက် ဒေသအုပ်ချုပ်ရေး အာဏာပိုင်များနှင့် မနီးစပ်သူများအတွက် အခက်အခဲများ ဖြစ်ပေါ်စေသည်ဟုလည်း သိရသည်။