ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာနှင့် အနီးကျေးရွာများမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသည့် အရပ်သား(၃၀)ကျော် ပြန်မလွတ်သေး

ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာနှင့် အနီးကျေးရွာများမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသည့် အရပ်သား(၃၀)ကျော် ပြန်မလွတ်သေး

စစ်ကိုင်းတိုင်း မုံရွာမှ ဆားလင်းကြီးမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လ(၄)ရက်နေ့တွင် ညောင်ပင်ကြီး၊ ကျော်ရွာ၊ တောင်ပလူရွာတို့မှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသည့် ဒေသခံ (၃၀)ကျော် (၁၃)ရက်ကြာသည်အထိ ပြန်မလွတ်သေးကြောင်း သိရသည်။

"အရပ်သားတွေ အခုချိန်ထိ ပြန်မလွတ်သေးဘူးဗျ။ စစ်ကောင်စီတပ်တွေကတော့ ညောင်ပင်ကြီးမှာပဲ ဘယ်မှမထွက်ဘူး။ စခန်းပြန်ဆောက်နေချိန် လုံခြုံရေးယူပေးနေတာ။ ညောင်ပင်ကြီးအုပ်စုက ရပ်ကွက်တွေ နေ့တိုင်းမီးရှို့ခံနေရတယ်။ ဒီနေ့ဆို မုံရွာဘက်ကနေ  တင့်ကားနဲ့ အနောက်ဘက်ကမ်းကိုလှမ်းထုပေးနေတယ်။"ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

၎င်းစစ်ကောင်စီတပ်သည် ၂၀၂၃ခုနှစ် ဇွန်လ(၄)ရက်နေ့ကစတင်ကာ မုံရွာဘက်‌မှ အမြန်ရေယာဉ်တစ်စီးဖြင့်လာပြီး ညောင်ပင်ကြီးဆိပ်၌ ကမ်းကပ်၍ စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ကာ ညောင်ပင်ကြီးမှတဆင့် တရုတ်ပိုင် ဝမ်ပေါင်ကုမ္ပဏီဘက်ကို ထွက်သွားပြီး ယင်းမှတဆင့် မိုးကြိုးပြင်ရွာကို ဝင်ရောက်တပ်စွဲသွားကြောင်း သိရသည်။

 

ထို့နောက် ဒေသခံများကို ဖမ်းဆီးကာ ဇွန်လ(၅)ရက်နေ့တွင် မိုးကြိုးပြင်ရွာမှ ထွက်သွားပြီး ဖိုလ်ဝင်တောင်မြောက်ပိုင်းမှတဆင့် ရာဇဂြိုလ်၊ အင်္ကြင်းတောင် ဘုန်းကြီးကျောင်းကို ဇွန်လ(၆)ရက်နေ့တွင်ရောက်ရှိကာ တပ်စွဲသွားသည်ဟု သိရသည်။ 

ယနေ့ဇွန်လ(၇)ရက်နေ့ နံနက်ပိုင်းတွင် ဖိုလ်ဝင်တောင်နယ်မြေမှတဆင့် ဆားလင်းကြီးမြို့နယ်သို့ဝင်ရောက် တပ်စွဲခဲ့ကာ လက်ရှိတွင် ညောင်ပင်ကြီး တပ်စခန်းသို့ ပြန်လည်ရောက်ရှိနေကြောင်း သိရသည်။

ညောင်ပင်ကြီးရဲစခန်းကိုလည်း ဇွန်လ(၉)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၁၂)ဦးသေဆုံးခဲ့ပြီး မီးရှို့ခံရသဖြင့် လက်ရှိတွင် တရုတ်ပိုင် မြန်မာယန်စီကုမ္မဏီ၏ အကူအညီဖြင့် မုံရွာမှ ဘိလပ်မြေများ၊ ကွန်ကရက်တိုင်များ၊ မြေသယ်ကားများကို သံခွန်များဖြင့် သယ်ဆောင်ကာ ပြန်လည် တည်ဆောက်နေသည်ဟု သိရသည်။

#TachileikNewsAgency