ထီးချိုင့်မြို့နယ် အမှတ် ၂ ရပ်ကွက် ဈေးကုန်းကို စစ်ကောင်စီတပ် မီးရှို့

ထီးချိုင့်မြို့နယ် အမှတ် ၂ ရပ်ကွက် ဈေးကုန်းကို စစ်ကောင်စီတပ် မီးရှို့

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ဖက်တောင်ခြေအနီးရှိ အမှတ်(၂)ရပ်ကွက် စျေးကုန်းအား စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၇)ရက်နေ့ နေ့လယ်(၃)နာရီတွင် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်များ မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

အဆိုပါဖက်တောင်သည် စစ်ကောင်စီတပ်က အထိုင်ချထားသည့် နေရာဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်တပ်စွဲနေခြင်းဖြစ်ကာ တော်လှန်ရေးတပ်များ လာ‌ရောက်တိုက်ခိုက်မည်စိုးရိမ်သဖြင့် မီးရှို့နေခြင်းဖြစ်သည်ဟု ABSDF မြောက်ပိုင်းမှ ထောက်လှမ်းရေးတာဝန်ခံ ကိုစောက Tachileik News Agencyကိုပြောသည်။

"ဒီနေ့ (၃)နာရီလောက်ကတည်းက သူတို့(စစ်ကောင်စီ)မီးစရှို့နေတာပါဗျ။ ဖက်တောင်ကို ကျွန်တော်တို့ သိမ်းပိုက်နိုင်ခဲ့သေးတယ်။ သူတို့က ဓာတုဗုံးချပြီးတော့ သူတို့က ပြန်ပြီးတော့ ယူထားနိုင်တယ်။ ကိုယ့်ဘက်က ပြန်ပြီးတော့ နောက်ဆုတ်ပေးထားရတယ်။ ဒီလိုအခြေအနေမှာ သူတို့က ဖက်တောင်ပတ်ချာလည်မှာရှိတဲ့ အိမ်တွေ အကုန်လုံးကို မဲမဲမြင်ရာ လိုက်ရှို့တဲ့ အနေအထားပါပဲ။ စစ်ကောင်စီရဲ့ အနေအထားကတော့ နာဇီဖက်ဆစ်လိုပဲနော့။ ရွာတွေ့မီးရှို့မယ်၊ သူတို့ကို မထောက်ခံဘူးဆိုရင် မီးရှို့မယ်။ ဒီနေရာကနေ သူတို့ကို ခိုအောင်းပြီး တိုက်ခိုက်တယ်ထင်ရင် မီးရှို့မယ်။ အဲဒီအတိုင်းပါပဲ။"ဟု ကိုစောက ပြောသည်။

မီးရှို့ခံရသဖြင့် အိမ်ခြေမည်မျှ မီးလောင်သွားသည်ကိုမူ အတိတကျ မသိရသေးဘဲ ယခုကဲ့သို့ မီးရှို့နေခြင်းသည် တိုက်ပွဲကြောင့်မဟုတ်ဘဲ တော်လှန်ရေးတပ်များက လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် တော်လှန်ရေးတပ်ဖွဲ့များ လာရောက်နိုင်သည့် လမ်းကြောင်းမှ နေအိမ်များကို မီးရှို့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့ စျေးအနီး အရှေ့တောရကြီးကျောင်းနှင့် အနောက်တောရကြီးကျောင်းကြားရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည်။

ဒီဇင်ဘာလ (၁၅)ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့ကို တိုက်လေယာဉ်နှစ်စီးဖြင့် ဓာတုလက်နက်သုံး ဗုံးကြဲခြင်း၊ ပေါင်(၅၀၀)ဗုံးကြဲခြင်းအပြင် လေယာဥ်ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းများကို လုပ်ဆောင်ခဲ့သည်။

#TachileikNewsAgency