ဖားကန့်တွင် ဆေးရုံတက်နေရသည့် စရဖအရာရှိတစ်ဦးနှင့် ရဲနှစ်ဦး ပစ်ခတ်ခံရ

ဖားကန့်တွင် ဆေးရုံတက်နေရသည့် စရဖအရာရှိတစ်ဦးနှင့် ရဲနှစ်ဦး ပစ်ခတ်ခံရ
စက်တင်ဘာ 25, 2023 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်၌ ပြီးခဲ့သည့်ရက်ပိုင်းက ဆေးခန်းလာပြသည့် ရဲများ ပစ်ခတ်ခံရမှုတွင် ဒဏ်ရာရ၍ ဆေးရုံတက်ကုသနေရသည့် အရာရှိတစ်ဦးနှင့် ရဲ(၂)ဦးတို့ ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၅)ရက်နေ့ နေ့လယ်ပိုင်းက ဆေးရုံအတွင်းသို့ ဝင်ရောက်ပစ်ခတ်ခံရကာ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူများမှာ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ အရာရှိတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးဖြစ်ပြီး ၎င်းတို့ကို ကချင်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)က ဆေးရုံအတွင်းသို့ ဝင်ရောက်ပစ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့က Tachileik News Agency ကိုအတည်ပြုသည်။ 

“ဖြစ်စဉ်ကတော့ ဟိုတစ်နေ့က ဆေးခန်းမှာ ဆေးလာပြရင်းနဲ့ ပစ်ခတ်ခံမှုမှာ လွတ်သွားတဲ့သူတွေပေါ့။ သူ့တို့ကို သေချာမပစ်လိုက်ဘူးဆိုတာကလည်း ဘေးနားမှာ တချို့သောပြည်သူတွေရှိနေတော့ တစ်ခါတည်းမပစ်သွားလိုက်တာပေါ့။ အခုက ဆေးရုံထဲကို ဝင်ပစ်တာ။”ဟု KPDF တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေးတင်းကြပ်ခဲ့ပြီး ဆေးရုံအနီးရှိ ပန်းတင်ဘေလီတံတားတွင် လမ်းသွား၊ လမ်းလာများအား စစ်ဆေးရေးပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆေးရုံအတွင်း ပစ်ခတ်ခံရသည့် စစ်ကောင်စီတပ်သားများအပါအဝင် (၅)ဦးသည် ပြီးခဲ့သည့် စက်တင်ဘာလ(၂၁)ရက်နေ့က ဆိုင်းတောင်မှ ဖားကန့်သို့ အိမ်စီးကားဖြင့် ဆေးခန်းလာပြရာ လမ်းတွင် KPDF တပ်ဖွဲ့က ပစ်ခတ်ခဲ့သဖြင့် ယင်းဖြစ်စဉ်တွင်ပင် (၂)ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency