စစ်ရှောင်များခိုလှုံနေသည့် တလိုင်းရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲရာ ၃ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

စစ်ရှောင်များခိုလှုံနေသည့် တလိုင်းရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲရာ ၃ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မြောက်ခြမ်း တလိုင်းရွာကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၁)ရက်နေ့ နံနက်(၄)နာရီဝန်းကျင်တွင် လေကြောင်းမှ ဗုံးကြဲခဲ့ရာ ကလေးတစ်ဦးအပါအဝင် (၃)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ပြည်သူများအိပ်နေချိန်ဖြစ်၍ (၈)လသား ကလေးတစ်ဦးနှင့် မိခင်ဖြစ်သူ အသက် (၂၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၆၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးပြီး (၁၅)ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့သည့်အပြင် နွားများလည်း သေဆုံးခဲ့သည်ဟု Wetlet Informational Networkက ဖော်ပြထားသည်။

တလိုင်းရွာ ကံဦးဘုန်းကြီးကျောင်းတွင်  စဉ့်ကိုင်၊ တလိုင်းရွာများမှ စစ်ဘေးရှောင်များ ခိုလှုံနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က ဗုံး(၂)လုံး ကြဲချသွားပြီးနောက် ရေကြောင်းမှ စက်လှေများဖြင့် ကမ်းကပ်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကလည်း တလိုင်းရွာကို  ဝင်ရောက်စီးနင်းနေကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုတွေရှိတယ်။ အထိခိုက်အတော်များတယ် ခြေပြတ်လက်ပြတ်တွေများတယ်။ အခြေနေတော့စောင့်ကြည့်နေရဆဲပဲ။ မနေ့ညက ရှိမ္မကားဘက်ကနေ စုန်လာတဲ့ သံခွန်နဲ့ စစ်ကောင်စီတပ်တွေ စဉ့်ကိုင်ဘက်ကနေဖြတ်တက်ပြီး အပေါ်ကလေကြောင်းနဲ့ ပစ်ကူလာချိန် မြေပြင်ကနေ စစ်ကြောင်းထိုးလာတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

လက်ရှိတွင် တလိုင်းရွာကို ဝင်ရောက်သွားသည့် စစ်ကောင်စီတပ်များသည် ကျောင်းဖြူရွာကို ဝင်ရောက်နေပြီး ထပ်မံစစ်ကြောင်းထိုးနေသည်ဟု သိရသည်။

#TachileikNewsAgency