သထုံမြို့နှင့် ဘီးလင်းကြား စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ ၁၃ ရက်ကြာတိုက်ပွဲဖြစ်ပြီး နှစ်ဘက်ကျဆုံးမှုရှိ

သထုံမြို့နှင့် ဘီးလင်းကြား စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ ၁၃ ရက်ကြာတိုက်ပွဲဖြစ်ပြီး နှစ်ဘက်ကျဆုံးမှုရှိ

မွန်ပြည်နယ် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းပေါ် သထုံမြို့နှင့် ဘီးလင်းမြို့ကြားရှိ ကျုံအိတ်တံတား ပြင်ဆင်နိုင်ရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ပူးပေါင်း BGFတပ်များနှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဘက်ကျဆုံးသူရှိခဲ့ကြောင်း တပင်ရွှေထီးစစ်ကြောင်းထံမှ သိရသည်။

စစ်ကောင်စီတပ်၏ အဓိကထောက်ပို့လမ်းကြောင်းဖြစ်သည့် ကျုံအိတ်တံတား ပြင်ဆင်နိုင်ရန်အတွက် KNUတပ်ရင်း (၂)နယ်မြေအတွင်းရှိ ကျေးရွာများအား ပြီးခဲ့သည့် ဇူလိုင်လ(၂၄)ရက်နေ့ကစတင်ကာ ဩဂုတ်လ(၆)ရက်နေ့အထိ (၁၃)ရက်ကြာ သထုံခရိုင်အတွင်းရှိ တပ်မ(၄၄) လက်အောက်ခံ တပ်ရင်းများနှင့် BGFတပ်များက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။ 

၎င်းစစ်ကောင်စီတပ်များနှင့် KNLAတပ်ခွဲများ၊ KNLA/PDF ပူးပေါင်း တပင်ရွှေထီးစစ်ကြောင်း၊ တောကျီးကန်းစစ်ကြောင်း၊ ပကဖ ၊ Drone Team ၊ Sniper Team ပူးပေါင်းတပ်ဖွဲ့တို့ (၁၃)ရက်အတွင်း တိုက်ပွဲပေါင်း (၁၀)ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အများအပြားသေကာ KNLA/PDFပူးပေါင်းအဖွဲ့မှ ရဲဘော်(၄)ဦးကျဆုံးခဲ့ပြီး (၅)ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း တပင်ရွှေထီးစစ်ကြောင်းက ယနေ့၂၀၂၃ခုနှစ် ဩဂုတ်လ (၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ရွှေရောင်ပြ၊ အဝင်းကြီး၊ ခလောက်အင်း၊ မရမ်းကုန်းကျေးရွာ၊ ချောင်းစောက်ကျေးရွာ၊ မိချောင်းအိုင်ကျေးရွာများရှိ နေအိမ်များအား ဖျက်ဆီးခြင်း၊ တန်းဖိုးရှိပစ္စည်းများအားယူခြင်း၊ ဒေသခံများအား နှိပ်စက်သတ်ဖြတ်ခြင်းများစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency