စာနယ်ဇင်းလွတ်လပ်ခွင့် အားကောင်းခိုင်မာစေရေး ထောက်ခံသွားမည်ဖြစ်ကြောင်း NUG ကြေညာ

စာနယ်ဇင်းလွတ်လပ်ခွင့် အားကောင်းခိုင်မာစေရေး ထောက်ခံသွားမည်ဖြစ်ကြောင်း NUG ကြေညာ
မေ 3, 2024 | 2021 Military Coup

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)၊  ပုဒ်မ ၄၂ အရ စာနယ်ဇင်းလွတ်လပ်ခွင့် အားကောင်းခိုင်မာစေရေး အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ၂၀၂၄ခုနှစ် မေလ (၃)ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

NUG အနေဖြင့် သတင်းမီဒီယာများ၏ လွတ်လပ်စွာရပ်တည်ပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်နှင့် လွတ်လပ်စွာ သတင်းတင်ပြပိုင်ခွင့်တို့အား အကာအကွယ်ပေးရမည်ဟူသည့် အခြေခံမူဝါဒနှင့်အညီ ရပ်တည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူထုအနေဖြင့် တိုင်းပြည်အခြေအနေနှင့်ပက်သက်၍ သေချာစွာနားလည်သဘောပေါက်ပြီး အရေးကြီးသည့် ဆုံးဖြတ်ချက်များ မှန်ကန်စွာချမှတ်နိုင်စေရန် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် တာဝန်ခံမှုရှိသည့် သတင်းမီဒီယာများ၏ အခန်းကဏ္ဍသည် အထူးအရေးပါ​ကြောင်း NUG မှဆိုသည်။

စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူလူထု၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဥ်းစားဆင်ခြင် တွေးခေါ်နိုင်စွမ်း မြင့်မားရေးအတွက် အရေးပါပြီး ၊ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ် ချုပ်ခြယ်သည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို အမျိုးသားညီညွတ်ရေးအစိုးရမှ အခိုင်အမာ ဆန့်ကျင်ကြောင်း သိရသည်။

ပြည်သူလူထု၏ သတင်းသိပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ပြီး လွတ်လပ်သည့် သတင်းမီဒီယာများ သတင်းရယူပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း NUG၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#TachileikNewsAgency