ကားနံပါတ်ပြားကိစ္စ ကိုဆိုဗိုနိုင်ငံငယ်တွင် အကြမ်းဖက်မှုဖြစ်လာနိုင်ကြောင်း ဥရောပသမဂ္ဂ သတိပေး

ကားနံပါတ်ပြားကိစ္စ ကိုဆိုဗိုနိုင်ငံငယ်တွင် အကြမ်းဖက်မှုဖြစ်လာနိုင်ကြောင်း ဥရောပသမဂ္ဂ သတိပေး
နိုဝင်ဘာ 23, 2022 | နိုင်ငံတကာသတင်း
By Mr John

ဆားဘီးယား ကားနံပါတ်ပြားကိစ္စ အငြင်းပွားမှုကို ဖြေရှင်းရန် ဥရောပသမဂ္ဂ  ကြားဝင်ဆောင်ရွက်မှုမှာ မအောင်မြင်၍ နိုင်ငံငယ်တစ်ခုဖြစ်သည့် ကိုဆိုဗိုသမ္မတနိုင်ငံတွင် အကြမ်းဖက်မှုများ ဖြစ်ပွားလာနိုင်ကြောင်း ဥရောပသမဂ္ဂနှင့် ဆားဘီးယားနိုင်ငံတို့က သတိပေးထားသည်။

 ကိုဆိုဗိုအာဏာပိုင်များက လူနည်းစု ဆာ့ဘ်တို့ကို ၎င်းတို့၏ ဆားဘီးယား ကားနံပါတ်ပြားများ စွန့်လွှတ်စေလိုသည်။ 

ဆားဘီးယားနိုင်ငံက ကိုဆိုဗိုသမ္မတနိုင်ငံ၏ လွတ်လပ်ရေးကို အသိအမှတ်မပြုထားကြောင်း သိရသည်။

ကိုဆိုဗိုတွင် ရဲတပ်ဖွဲ့က နိုဝင်ဘာလ (၂၂) ရက်မှစပြီး ဆားဘီးယား ကားနံပါတ်ပြား တပ်ဆင်အသုံးပြုသူများကို ယူရိုငွေ (၁၅၀) ဒဏ်ရိုက်သွားရန် စီစဥ်ထားသည်။ 

အမေရိကန်နိုင်ငံက ထိုအစီအစဥ်ကို ရွှေ့ဆိုင်းထားစေလိုပြီး ငြိမ်းချမ်းရေးထိန်းသိမ်းရန် တိုက်တွန်းလိုက်သည်။ 

ထိုကားနံပါတ်ပြားများမှာ ဆားဘီးယားထံမှ လွတ်လပ်ရေးအတွက် ၁၉၉၉ ခုနှစ် စစ်ပွဲမတိုင်မီတွင် ထုတ်ပေးထားခြင်းဖြစ်ရာ တရားမဝင်တော့ကြောင်း ကိုဆိုဗိုက ပြောသည်။

ဆာ့ဘ်ပြန်ဌာန်းချက်များကိုသာ လက်ခံထားကြသည့် ကိုဆိုဗိုသမ္မတနိုင်ငံ၏ မြောက်ပိုင်းရှိ ဆာ့ဘ်လူမျိုး (၅၀,၀၀၀) မှာ Pristina မြို့တော်တွင် ထုတ်ပေးထားသည့် ကိုဆိုဗို ကားနံပါတ်ပြားများကို အသုံးပြုရမည်ဟု ဆိုသည်။ 

ကာလရှည်ကြာ ဖြစ်ပွားနေခဲ့သည့် ကားနံပါတ်ပြားကိစ္စ အငြင်းပွားမှုကို ဖြေရှင်းရန် နာရီများနှင့်ချီကြာသည့် ဆွေးနွေးညှိနှိုင်းမှု မအောင်မြင်ခဲ့ကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell က ပြောသည်။

"ဒီနေ့ ဆွေးနွေးညှိနှိုင်းမှာ မအောင်မြင်ခြင်းနဲ့ မည်သည့် တင်းမာမှု မြင့်တက်ခြင်းနဲ့ အကြမ်းဖက်မှု ဖြစ်လာနိုင်ခြင်းအတွက် နှစ်ဘက်လုံးက ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု ၎င်းကဆိုသည်။ 

ဆားဘီးယားသမ္မတ Aleksandar Vucic က အခြေအနေမှာ ပဋိပက္ခဖြစ်လုနီးပါးဟု ပြောသည်။ 

ကိုဆိုဗို အထူးရဲတပ်ဖွဲ့ ဒဏ်ရိုက်မည့်အစီအစဥ်ကို အကောင်အထည်မဖော်ရန်လည်း ဆားဘီးယားသမ္မတက တိုက်တွန်းလိုက်သည်။

ကိုဆိုဗိုဝန်ကြီးချုပ် Albin Kurti နှင့် ဘရပ်ဆဲလ်မြို့တွင် ကားနံပါတ်ပြားကိစ္စ အငြင်းပွားမှုကို ဆွေးနွေးခဲ့ပြီးနောက် ထိုသို့ ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။ 

ကိုဆိုဗိုတွင် အာဏာပိုင်များက ကားနံပါတ်ပြားကိစ္စ စည်းမျဥ်းထုတ်ပြန်မှုအပေါ် ကန့်ကွက်ဆန္ဒပြမှုအဖြစ် ယခုလအစောပိုင်းတွင် ဆာ့ဘ်ရဲအရာရှိ အများအပြား ရာထူးမှ နုတ်ထွက်ခဲ့ကြောင်းလည်း သိရသည်။

နောက်ပိုင်းတွင် ကိုဆိုဗိုဝန်ကြီးချုပ် Kurti ဆွေးနွေးညှိနှိုင်းမှု မအောင်မြင်ရခြင်းအတွက် ဥရောပသမဂ္ဂကို အပြစ်တင်ခဲ့သည်။ 

ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Borrell ကမူ  ဥရောပသမဂ္ဂ၏ အဆိုပြုချက်ကို ဆားဘီးယားက လက်ခံခဲ့သော်လည်း ကိုဆိုဗိုဝန်ကြီးချုပ် Kurti က ပယ်ချခဲ့သည်ဟု ဆိုသည်။  

ဆားဘီးယားသမ္မတ Vucic က ဆားဘီးယားအနေဖြင့် ကိုဆိုဗိုမြောက်ပိုင်းရှိ ဆာ့ဘ်တို့အတွက် ကားနံပါတ်ပြားများ ထုတ်ပေးခြင်းနှင့် အသစ်ပြန်လုပ်ပေးခြင်းတို့ကို ရပ်ဆိုင်သွားမည်ဟု ပြောခဲ့သည်။

ကိုဆိုဗိုနိုင်ငံသည် ဆားဘီးယားနိုင်ငံကနေ ခွဲထွက်ထားသည့် နိုင်ငံတစ်ခုဖြစ်ပြီး  အသိအမှတ်ပြု ခံရမှုနည်းပါးသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

Source: BBC

Photo: BBC, REUTERS,  Djordje Savic/EPA,