အာကာသထဲတွင် အချိန်အကြာဆုံး နေထိုင်သည့် အမေရိကန်တစ်ဦးအဖြစ်  နာဆာ အာကာသယာဥ်မှူးက စံချိန်သစ်တင်

အာကာသထဲတွင် အချိန်အကြာဆုံး နေထိုင်သည့် အမေရိကန်တစ်ဦးအဖြစ်  နာဆာ အာကာသယာဥ်မှူးက စံချိန်သစ်တင်
စက်တင်ဘာ 23, 2023 | နိုင်ငံတကာသတင်း
By Mr John

 

နာဆာ (NASA) အာကာသယာဥ်မှူး ဖရန့်ရူဘီအို (Frank Rubio) က အာကာသထဲတွင် အချိန်အကြာဆုံး နေထိုင်သည့် အမေရိကန်တစ်ဦးအဖြစ် စံချိန်သစ်တင်လိုက်ကြောင်း သိရသည်။ 

ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့မှ ရူဘီအိုက ၂၀၁၉ ခုနှစ်တွင် အမေရိကန် အာကာသအေဂျင်စီ NASA အာကာသယာဥ်မှူးသင်တန်း အောင်မြင်ခဲ့သည်။ 

၎င်းက ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၂၁) ရက်နေ့တွင် ပထမဆုံးအကြိမ် အာကာသခရီးစဥ် သွားရောက်ခဲ့ပြီး ယခုအခါ နိုင်ငံတကာ အာကာသစခန်းတွင် ရောက်ရှိနေထိုင်မှု (၁) နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။

ရူဘီအို အာကာသထဲသို့ ရောက်ရှိနေသည်မှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့တွင် (၃၅၅) ရက် ပြည့်မြောက်ခဲ့ရာ ယခင်က အာကာသထဲတွင် အချိန်အကြာဆုံး နေထိုင်သူ အမေရိကန်တစ်ဦးအဖြစ် စံချိန်တင်ထားသည့် Mark Vande Hei ၏ စံချိန်ကို ကျော်တက်သွားခဲ့သည်။ 

ရူဘီအိုမှာ မူလက နိုင်ငံတကာ အာကာသစခန်းတွင် (၆) လကြာ နေထိုင်ရန် ဖြစ်သော်လည်း ၎င်း၏ အာကာသယာဥ်တွင် အင်ဂျင်ကို အအေးပေးရာ၌ အသုံးပြုသောအရည် ယိုစိမ့်မှု စတင်ဖြစ်ပေါ်ခဲ့ရာ ပုံမှန်အတိုင်း ကမ္ဘာမြေပြင်သို့ ပြန်မလာနိုင်ခဲ့ဟု ဆိုသည်။

ထို့ကြောင့် ရုရှား အာကာသအေဂျင်စီက ရူဘီအိုနှင့် ရုရှား အာကာသယာဥ်မှူး (၂) ဦး ကမ္ဘာမြေပြင်သို့ ပြန်ခေါ်ဆောင်ရန် လူလိုက်ပါခြင်းမရှိသော အာကာသယာဥ်တစ်စီးကို နိုင်ငံတကာ အာကာသစခန်းသို့ စေလွှတ်ခဲ့သည်။ 

ရူဘီအိုမှာ လာမည့် သီတင်းပတ်အတွင်း ကမ္ဘာမြေပြင်သို့ ပြန်လာမည်ဟု မျှော်လင့်ရပြီး ၎င်း၏ အာကာသထဲတွင် နေထိုင်မှုမှာ (၃၇၁) ရက်ရှိလာမည်ဟု ဆိုသည်။ 

အာကာသယာဥ်မှူးများ အားလုံးအနက် အာကာသထဲတွင် အချိန်အကြာဆုံး နေထိုင်သူအဖြစ် စံချိန်တင်ထားသူမှာ ရုရှား အာကာသယာဥ်မှူး Valeri Polyakov ဖြစ်ပြီး ၎င်းက ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း အာကာသထဲတွင် (၄၃၇) ရက်ကြာ နေထိုင်ခဲ့သည်။

 

Source: NPR

Photo: NASA