အုတ်ဖိုမြို့နယ်တွင် တောခေါင်းတစ်ဦး ပစ်ခတ်ခံရ

အုတ်ဖိုမြို့နယ်တွင် တောခေါင်းတစ်ဦး ပစ်ခတ်ခံရ
စက်တင်ဘာ 22, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ တောခေါင်းတစ်ဦး ယနေ့ စက်တင်ဘာလ (၂၂)ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

၎င်းတောခေါင်း အုန်းလှိုင်အား အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းရွာ ဗျူဟာလမ်းဘေးတွင် သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်တစ်စီး၊ ဖုန်းတစ်လုံး၊ ငွေကျပ်(၂)သိန်းခွဲနှင့် စာရွက်စာတမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက သတင်းထုတ်ပြန်သည်။

တောခေါင်း အုန်းလှိုင်သည် သစ်တောဌာနမှ CDM ဝန်ထမ်းများအား စစ်ကောင်စီတပ်ထံ သတင်းပေး ဖမ်းဆီးခိုင်းခြင်း၊ ရိုးမပေါရှိ သက်နုကျွန်းသစ်ပင်များကို စစ်ကောင်စီတပ်နှင့်ပေါင်းကာ ခုတ်ယူခြင်း၊ ရိုးမပေါ်ရှိ PDF စခန်းများကို သတင်းပေးခြင်း၊ အရပ်သားများကို ဖိနှိပ်ခြင်းတို့ကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

အဆိုပါတပ်ဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလ(၁၆)ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်အပိုင် ရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကန့်နီရွာနှင့် တာဝါတိုင်ရွာကြားတွင် ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency