ကျားတက်ရဲစခန်းကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေး

ကျားတက်ရဲစခန်းကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေး
နိုဝင်ဘာ 16, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာရှိ ကျားတက်ကျေးရွာရဲစခန်းကို ဒေသကာကွယ်ရေးတပ်များက နှစ်ရက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်များ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း ULF(မဟာမိတ်တပ်ပေါင်းစု)ထံမှ သိရသည်။

အင်အား(၈၅)ဦးခန့်ဖြင့် အထိုင်ချထားသော ကျားတက်ရဲစခန်းကို ULF(မဟာမိတ်တပ်ပေါင်းစု)နှင့် ဒေသခံမဟာမိတ်တပ်ဖွဲ့များမှ (၂)ရက်စောင့်ကြည့် တိုက်ခိုက်ခဲ့ပြီးနောက် (၃)ရက်မြောက်နေ့တွင် စစ်ကောင်စီဘက်မှ အထိနာပြီး စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

၎င်းရဲစခန်းသည် ဆားလင်းကြီးမြို့နယ်နှင့် ပုလဲမြို့နယ်အစပ်တွင်ရှိပြီး စစ်ကောင်စီ၏ အချက်အချာကျသော နေရာဖြစ်သဖြင့် ဒေသကာကွယ်ရေးတပ်များက နိုဝင်ဘာလ (၁၃)ရက်နေ့နှင့် (၁၄)ရက်နေ့တို့တွင် နှစ်ရက်စောင့်ကြည့် တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ (၁၅)ရက်နေ့တွင် စစ်ကောင်စီတပ်များ စခန်းစွန့်၍ ပုလဲမြို့ပေါ်သို့ ထွက်ပြေးသွားကြောင်း သိရသည်။ 

စခန်းသိမ်းတိုက်ခိုက်နေစဉ် နိုဝင်ဘာလ (၁၄)ရက်နေ့တွင် မုံရွာ နမခမှ Mi 35 ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ULF(တပ်ပေါင်းစု)မှ ဒု-စစ်ကြောင်းမှူး ဗိုလ်မုတ်ဆိတ် ဦးဆောင်ပြီး ဒေသခံ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးတွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency