မိုးကုတ်နှင့် မူဆယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သား ၃ ဦးသေဆုံး 

မိုးကုတ်နှင့် မူဆယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သား ၃ ဦးသေဆုံး 

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ကပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးငယ်များအပါအဝင် အရပ်သားများ ထိခိုက်သေဆုံးခဲ့ရကြောင်း သိရသည်။

ယမန်နေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့၏ မိုးကုတ်မြို့ စစ်ဗျူဟာကုန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် အထက်ညောင်ကုန်းရွာရှိ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲကာ အိမ်အတွင်းရှိ သားအဖ(၂)ဦးအား ထိမှန်ခဲ့ပြီး အသက်(၅)နှစ်အရွယ် သားဖြစ်သူ မောင်အောင်ကိုမြတ် သေဆုံးခဲ့ရကြောင်း သိရသည်။

ထို့အပြင် ညောင်ကုန်းရွာမှ အသက်(၄၀)နှစ်ရှိ ဒေါ်ယာမယ်ရီနှင့် ဦးရှမ်းကြီးတို့ (၂)ဦးလည်း လက်နက်ကြီးကြောင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရကာ စက်တင်ဘာလ (၁၉)ရက်နေ့တွင်လည်း ညောင်ဖြူရွာမှ အမျိုးသား(၂)ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

မူဆယ်မြို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့၏ လွယ်ကျယ်လောက်၊ နမ့်ဖက်ကာနှင့် (၁၀၅)မိုင်တပ်စခန်းတို့မှ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေမှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ယမန်နေ့က မူဆယ်မြို့ ဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ ကျောင်းပျက်စီးပြီး ကျောင်းထိုင်ဆရာတော် ထိမှန်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် TNLAတပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မိုးကုတ်မြို့နယ်တွင် ဒေသခံ (၅၀၀)နီးပါးနှင့် မူဆယ်မြို့နယ်တွင် နမ့်ကတ်ရွာ၊ မန်ကန်ရွာ၊ မိုင်းဆက်ရွာနှင့် စယ်လန့်ရွာမှ ဒေသခံ (၄၀၀)နီးပါးသည် တုန်ခွမ်းရွာဇရပ်နှင့် နမ့်ခမ်းမြို့များသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

#TachileikNewsAgency

Photo :News & Information Department