ဒီးမော့ဆိုမြို့နယ်တွင် ဖြစ်ပွားသည့် ၁၀ ရက်ကြာတိုက်ပွဲအတွင်း  စစ်ကောင်စီ၏ လက်နက်ခဲယမ်းများရရှိ

ဒီးမော့ဆိုမြို့နယ်တွင် ဖြစ်ပွားသည့် ၁၀ ရက်ကြာတိုက်ပွဲအတွင်း  စစ်ကောင်စီ၏ လက်နက်ခဲယမ်းများရရှိ
By Tachileik News Agency

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် (၁၀ )ရက် ကြာ တိုက်ပွဲများအတွင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNDF ဗဟိုက ၂၀၂၃ ခုနှစ် မေလ( ၂၄ )ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းတွင် မေလ( ၁၄ )ရက်မှစတင်ကာ  စစ်ကောင်စီ၏ ခမရ (၄၂၅)၊ ခမရ(၅၁၇)၊ ခလရ(၂၈၇) တပ်ရင်းများက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့်အတွက် ကရင်နီတပ်မတော်(KA)၊ KNDF စစ်ဗျူဟာအမှတ်(၆)၊ KNDF စစ်ဗျူဟာအမှတ်(၄)၊ KNDF-ETD၊ KNDF-UAV နှင့် Loikaw PDF တို့ ပူးပေါင်း၍ မေလ( ၂၃ )ရက်နေ့ အထိ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ (၁ )ဦး၊ ဗိုလ်အဆင့်ရှိသူ(၂ )ဦး အပါအဝင် စစ်ကောင်စီတပ်သား( ၄၀ )ဝန်းကျင်သေဆုံးခဲ့ပြီး ( ၂ )ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်မှ တပ်ရင်းမှူး နှင့် ယာယီတပ်ရင်းမှူးတစ်ဦးတို့က တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာများဖြင့် အနောက်သို့ပြန်၍ ဆုတ်ခွာလာကြသော တပ်ဖွဲ့ဝင်များအား လုံးဝဆုတ်ခွာခွင့်မပေးဘဲ ရှေ့သို့အတင်းအကြပ်တက်ခိုင်း၍ မြေပြင်တိုက်ပွဲများအတွင်း ငယ်သားဗိုလ်နှင့် တပ်သားများအား အသေခံခိုင်းနေသည့် အခြေအနေများကို သက်ဆိုင်ရာ နောက်တန်းတပ်မိသားစုများအား သိရှိစေလိုသည်ဟု KNDFက ဆိုသည်။

တိုက်ပွဲများအတွင်း  လွိုင်ကော်၊ ငွေတောင်နှင့် ဖရူဆိုအခြေစိုက် စစ်ကောင်စီတပ်များက နေ့စဉ်လက်နက်ကြီးများ ပစ်ကူပေးခဲ့သည့်အပြင် တိုက်လေယာဉ်များဖြင့် အကြိမ်ရေ(၆၀)ထက်မနည်းဗုံးကြဲခြင်း၊ ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များထံမှ MA-1 (၈)လက်၊ MA-2(၁)လက်၊ MA-3 (၃)လက်၊ MA-4 (၁)လက်၊ ၉ မမ  Pistol (၁)လက်၊ RPG (၂)လက်နှင့် ဆက်စပ်ခဲယမ်းများ၊  ဆက်သွယ်ရေးပစ္စည်းများနှင့် စစ်အသုံးအဆောင်အမြောက်အများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ ဒေါစဲ၊ ဒေါတငူး နှင့် တနီးလာလဲ ကျေး ရွာများဖက်သို့ စစ်ကြောင်းထိုးလျက်ရှိသော စစ်ကောင်စီတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပြီး အဆိုပါနေရာများအနီးသို့ ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန်  KNDF က တိုက်တွန်းထားသည်။