ယူကရိန်းစစ်ပွဲ၏ ပထမဆုံး စစ်ရာဇဝတ်မှုတရားခွင်တွင် ရုရှားစစ်သားက အပြစ်ရှိကြောင်း ဝန်ခံထွက်ဆို

Photo: STRINGER
Photo: STRINGER
ယူကရိန်းစစ်ပွဲ၏ ပထမဆုံး စစ်ရာဇဝတ်မှုတရားခွင်တွင် ရုရှားစစ်သားက အပြစ်ရှိကြောင်း ဝန်ခံထွက်ဆို
By Mr John

ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေသည့်ကာလအတွင်း ယူကရိန်းတွင် ပထမဆုံး စစ်ရာဇဝတ်မှု စစ်ဆေးကြားနာမှုတွင် အသက် (၂၁) နှစ်အရွယ် ရုရှားစစ်သားက လက်နက်မဲ့ အရပ်သားတစ်ဦးကို သတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ 



စစ်ရာဇဝတ်မှုစစ်ဆေးကြားနာမှုအတွင်း ရုရှားစစ်သား Vadim Shishimarin က ၎င်းသည် ကျူးကျော်မှုစတင်ခဲ့ပြီး ရက်အနည်းငယ်အကြာတွင် အသက် (၆၂) နှစ်အရွယ် လက်နက်မဲ့အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဝန်ခံခဲ့ခြင်းဖြစ်ပြီး အဆိုပါပြစ်မှုအတွက် ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်ကြောင်း သိရသည်။

ရုရှားစစ်သား အကျဥ်းသားကို ယူကရိန်းရှိ ကိဗ်မြို့တော် တရားရုံးသို့ လက်ထိပ်ခတ်ပြီး လက်နက်ကိုင်အစောင့်အကြပ်ထူထပ်စွာဖြင့် ခေါ်ဆောင်လာခဲ့ရာတွင် အဆိုပါစစ်သားမှာ စိတ်လှုပ်ရှားနေပုံရပြီး ခေါင်းငုံထားသည်ကို တွေ့ရကြောင်း BBC သတင်းက ဖော်ပြသည်။ 

အဆိုပါ ရုရှားစစ်သားနှင့် ခြောက်ပေခန့်မျှအကွာတွင် ပစ်သတ်ခံခဲ့ရသည့် အမျိုးသား၏ ကျန်ရစ်သူဇနီး Kateryna က ထိုင်နေခဲ့ကြောင်းသိရသည်။

တရားရုံးအတွင်းသို့ ရုရှားစစ်သားကို ခေါ်ဆောင်လာစဥ် Kateryna မှာ မျက်ရည်သုတ်နေခဲ့ပြီး  သူမ၏ ခင်ပွန်းဖြစ်သူ ဦးခေါင်းကို ပစ်ခတ်ခံခဲ့ရသည့် အဖြစ်အပျက်ကို ရှေ့နေများက ရုံးတော်သို့တင်ပြစဥ်  Kateryna က လက်နှစ်ဖက်ကို ပတ္တာကဲ့သို့ ချိတ်ဆက်ထားခဲ့သည်။ 

တရားရုံးကြာနာမှုအတွင်း တရားသူကြီးက "ခင်ဗျားရဲ့အပြစ်ကို ခင်ဗျားလက်ခံသလား"ဟု မေးမြန်းခဲ့ရာ ရုရှားစစ်သား Vadim Shishimarin က "ဟုတ်ကဲ့"ဟု လက်ခံကြောင်း ဖြေကြားခဲ့သည်။ 

တရားသူကြီးက "လုံးဝ လက်ခံသလား"  ဟု ဆက်လက်မေးမြန်းခဲ့ရာတွင်လည်း ၎င်းက "ဟုတ်ကဲ့" ဟု ထပ်မံ ပြောခဲ့သည်။

ရှေ့နေများ၏ အဆိုအရ ရုရှားတင့်ကားယာဥ်တန်း တိုက်ခိုက်ခံခဲ့ရစဥ် Vadim Shishimarin က တင့်ကားတပ်ခွဲတွင် အရာရှိအဖြစ် တာဝန်ယူခဲ့ကြောင်း သိရသည်။

၎င်းနှင့် အခြား စစ်သားလေးဦးက ကားတစ်စီးကို ခိုးယူလာခဲ့ပြီး Chupakhivka နယ်မြေအနီး မောင်းနှင်သွားနေစဥ် အသက် (၆၂) နှစ်အရွယ် စက်ဘီးစီးလာသည့် အမျိုးသားတစ်ဦးနှင့် တွေ့ခဲ့ရာ ထိုအရပ်သားကို ပစ်သတ်ရန်နှင့် ကလက်ရှ်နီကော့ဗ် ရိုင်ဖယ်သေနတ်ဖြင့်ပစ်ရန် Vadim Shishimarin က အမိန့်ပေးခဲ့ကြောင်း ရှေ့နေများက တရားရုံးတွင် လျှောက်လဲခဲ့သည်။ 

ရုရှားအစိုးရဘက်ကမူ ထိုအမှုနှင့် ပတ်သက်ပြီး အကြောင်းကြားမှုမရှိကြောင်း အစောပိုင်းတွင် ပြောထားသည်။ 

ရုရှားစစ်သားက အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုမှုကို သေဆုံးသူအရပ်သား၏ ဇနီးက ပထမဆုံးအကြိမ် ကြားခဲ့ပြီးနောက် အမှုစစ်ဆေးကြားနာခြင်းကို နောက်တစ်ရက်သို့ ချိန်းဆိုလိုက်ပြီး မေလ (၁၉) ရက်နေ့တွင် ထိုအမှုကို တရားရုံးထုတ်စစ်ဆေးမှု ပြန်လည်လုပ်ဆောင်သွားမည် ဖြစ်သည်။ 

ဒီပထမဆုံး အမှုစစ်ဆေးကြားနာခြင်းဖြင့် ယူကရိန်းမှာ ပြစ်မှုကျူးလွန်မှုအတွင်း အမိန့်ပေးစေခိုင်းသူ သို့မဟုတ် ကူညီသူ အားလုံး၊ ပြစ်မှုကျူးလန်သူအားလုံးဟာ တာဝန်ရှိမှုကို ရှောင်လွှဲလို့မရဘူးဆိုတာ ရှင်းရှင်းလင်းလင်း သတင်းစကားပါးလိုက်တာပါ

 ဟု ယူကရိန်းရှေ့နေချုပ် Iryna Venediktova က Twitter တွင် ပြောထားသည်။ 

ရှေ့နေချုပ် Iryna Venediktova က ယခင်ပြောကြားထားမှုအရ ရုရှားစစ်သား (၄၁) ဦးကို စစ်ရာဇဝတ်မှုဖြင့် တရားစွဲဆိုရန် အသင့်ပြင်နေကြောင်း သိရပြီး ရုရှားအစိုးရကမူ ယူကရိန်းတွင် ၎င်း၏တပ်ဖွဲ့ဝင်များက အရပ်သားများကို ပစ်မှတ်ထားခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

စုံစမ်းစစ်ဆေးရေးမှူးများက ဿဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး International Criminal Court (ICC) တွင် တရားစွဲဆိုခြင်းမပြုမီ ဖြစ်နိုင်ခြေရှိသည့် စစ်ရာဇဝတ်မှု သက်သေအထောက်အထားများ စုဆောင်းနေခဲ့ကြရာ Vadim Shishimarin ၏ အမှုစစ်ဆေးမှုကို အနီးကပ် စောင့်ကြည့်ခဲ့ကြသည်ဟု ဆိုသည်။ 

ICC က စုံစမ်းစစ်ဆေးရေးမှူး (၄၂) ဦး၊ မှုခင်းဆေးပညာကျွမ်းကျင်သူများနှင့် အကူဝန်ထမ်းများ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ယူကရိန်းသို့ စေလွှတ်ထားကြောင်းလည်း သိရသည်။ 

ထို့အတူ ယူကရိန်းကလည်း အနာဂတ်ကာလတွင် တရားစွဲဆိုမှုများ လုပ်ဆောင်နိုင်ရန် သက်သေစုဆောင်းသည့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားကြောင်း သိရသည်။

Source: BBC