မြောက်ကိုရီးယား၏ ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်မှု မအောင်မြင်ခဲ့ဘဲ ပင်လယ်ထဲသို့ ကျရောက်

မြောက်ကိုရီးယား၏ ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်မှု မအောင်မြင်ခဲ့ဘဲ ပင်လယ်ထဲသို့ ကျရောက်
By Mr John

 ဇွန်လအတွင်း လွှတ်တင်မည်ဟု အစောပိုင်းတွင် သတင်းထွက်နေသည့် မြောက်ကိုရီးယားနိုင်ငံ၏ ပထမဆုံး စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဂြိုဟ်တုကို မေလ (၃၁) ရက်နေ့က လွှတ်တင်ခဲ့ရာ မအောင်မြင်ဘဲ ပင်လယ်ထဲသို့ ကျရောက်သွားခဲ့ကြောင်း အစိုးရသတင်းဌာန KCNA က သတင်းထုတ်ပြန်သည်။ 

ဂြိုဟ်တုလွှတ်တင်မှုမှ အစိတ်အပိုင်းများကို ဆယ်ယူခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောသည်။

မြောက်ကိုရီးယား၏ ထောက်လှမ်းရေး ဂြိုဟ်တုအသစ် "Chollima-1" ကို လွှတ်တင်ရာတွင် ဒုံးပျံ၏ အင်ဂျင်နှင့် လောင်စာဆီ မတည်ငြိမ်မှုတို့ကြောင့် အောင်မြင်ခဲ့ခြင်း မရှိကြောင်း KCNA က ဆိုသည်။ 

ယခုဂြိုဟ်တုလွှတ်တင်မှုမှာ ၂၀၁၆ ခုနှစ်တွင် ပထမဆုံးအကြိမ် ကြိုးပမ်းခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယား၏ (၆) ကြိမ်မြောက် ဂြိုဟ်တုလွှတ်တင်ရန် ကြိုးပမ်းမှုလည်း ဖြစ်သည်။

 "Chollima-1" ဂြိုဟ်တုမှာ မြောက်ကိုးယား၏ ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တုဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံက အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်ရန်အတွက် ၎င်း၏ ပထမဆုံး စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဂြိုဟ်တုကို ၂၀၂၃ ခုနှစ် ဇွန်လအတွင်း လွှတ်တင်သွားမည်ဟု အစိုးရသတင်းဌာန KCNA က မေလ (၃၀) ရက်နေ့တွင် သတင်းဖော်ပြခဲ့ပြီး နောက်တစ်ရက်တွင် ဂြိုဟ်တုလွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

အစောပိုင်း သတင်းများအရ မြောက်ကိုရီးယားက ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်မည့်ရက်ကို အတိအကျ မပြောထားခဲ့သော်လည်း မေလ (၃၁) ရက်နှင့် ဇွန်လ (၁၁) ရက်ကြားတွင် ဂြိုဟ်တုလွှတ်တင်ရန် စီစဥ်ထားကြောင်း ဂျပန်နိုင်ငံကို အသိပေးထားသည်ဟု ဆိုသည်။ 

မြောက်ကိုရီးယားက ဂြိုဟ်တုလွှတ်တင်မှုကြောင့် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့၏ နေရာများတွင် အရေးပေါ် သတိပေးချက်နှင့် ခေတ္တရွှေ့ပြောင်းရန် သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

Source: Reuters

Photo:  The Defense Ministry/Handout via REUTERS,