ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကောင်စီတပ်ဖွဲ့မှ မိသားစုများကို လူသားချင်းစာနာမှုဖြင့် ဒီးမော့ဆို PDF ကပြန်လွတ်ပေး

ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကောင်စီတပ်ဖွဲ့မှ မိသားစုများကို လူသားချင်းစာနာမှုဖြင့် ဒီးမော့ဆို PDF ကပြန်လွတ်ပေး
စက်တင်ဘာ 19, 2023 | 2021 Military Coup| ကယား

ကယား(ကရင်နီ)ပြည်နယ်၊ မယ်စဲ့မြို့နယ် တိုက်ပွဲတွင် ရဲစခန်းမှ ထွက်ပြေးတိမ်းရှောင်လာရာက ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီတပ်ဖွဲ့မှ မိသားစု(၂)စုကို ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့က လူသားချင်းစာနာမှုဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း ဒီးမော့ဆို PDFထံမှ သိရသည်။

မယ်စဲ့ရဲစခန်းမသိမ်းမီ ပြီးခဲ့သည့် ဇွန်လ(၁၆)ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက မယ်စဲ့မြို့အတွင်း ကင်းလှည့်လှုပ်ရှားနေစဉ် ရဲစခန်းမှ ထွက်ပြေးလာသော စစ်တပ်နှင့်ရဲ မိသားစု(၂)စုမှ (၉)ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများအနက်မှ ရဲတပ်ကြပ်ကြီး၏ဇနီးသည် ၎င်း၏ အမျိုးသားနှင့် ရဲတပ်ဖွဲ့ဝင်များအား ပြည်သူနှင့်ပူးပေါင်းရန် ဇွန်လ (၁၆)ရက်နေ့နှင့် (၁၇)ရက်နေ့တို့တွင် ရဲစခန်းသို့ သွားရောက်၍ စာပေးပို့ခဲ့သော်လည်း ရဲစခန်းအတွင်းမှ လက်ခံတွေ့ဆုံခြင်းမရှိပဲ ငြင်းပယ်ခဲ့သည်ဟု သိရသည်။

တစ်ပတ်အကြာ ဇွန်လ (၂၃)ရက်နေ့တွင် ကယား(ကရင်နီ)ပြည် ပူးပေါင်းတော်လှန်ရေးအင်အားစုများမှ မယ်စဲ့ရဲစခန်းနှင့် မယ်စဲ့တောင်ပေါ် စစ်တပ်စခန်းအား ဝင်ရောက်တိုက်ခိုက်ရာ ၎င်းတို့၏ အမျိုးသား(၂)ဦးလုံး သေဆုံးသွားခဲ့သည်ဟု သိရသည်။

၎င်းဖြစ်စဉ်ပြီးနောက် ထိန်းသိမ်းထားသော မိသားစုများမှ မယ်စဲ့စခန်းသို့ ပြန်မပို့ရန် တောင်းဆိုခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့က လုံခြုံသည့်နေရာတွင် ထိန်းသိမ်းထားခဲ့ပြီး ခြိမ်းခြောက်ခြင်း၊ ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်းများ လုံးဝမပြုလုပ်ဘဲ လိုအပ်သည့် အစာအစား၊ အဝတ်အ ထည်၊ အသုံးအဆောင်ပစ္စည်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သည်ဟု သိရသည်။

 

ထို့နောက် စက်တင်ဘာလ (၁၈)ရက်နေ့တွင် ၎င်းတို့နေရပ်သို့ ပြန်လိုသည်ဟု တင်ပြတောင်းဆိုလာသောကြောင့် ၎င်းတို့၏ဆန္ဒအရ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လမ်းစရိတ်ငွေ (၅၀,၀၀၀)ကျပ်နှင့်အတူ လုံခြုံသည့်နေရာတစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency