AA တိုက်ခိုက်မှုကြောင့် ကျောင်းအုပ်ကြီးပါထွက်ပြေးရသည့် မင်းပြားမြို့နယ် တိုင်းဗဟို ၉ မှ ထွက်ပြေးလာသော ရဲတပ်ကြပ်ကြီးတစ်ဦးကို ASF ကဖမ်းဆီးရမိ

AA တိုက်ခိုက်မှုကြောင့် ကျောင်းအုပ်ကြီးပါထွက်ပြေးရသည့် မင်းပြားမြို့နယ် တိုင်းဗဟို ၉ မှ ထွက်ပြေးလာသော ရဲတပ်ကြပ်ကြီးတစ်ဦးကို ASF ကဖမ်းဆီးရမိ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၉) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ ထွက်ပြေးလာသည့် ရဲတပ်ကြပ်ကြီးတစ်ဦးကို ကျောင်းသားလက်ရုံးတပ်‌တော် (SAF)က ဖမ်းဆီးရမိထားကြောင်း သိရသည်။

စစ်ကောင်စီ၏ အမှတ်(၉) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ရာ ရဲတပ်ကြပ်ကြီး မျိုးဇော်သည် ကိုယ်လွတ်ရုန်း ထွက်ပြေးလာပြီးနောက် မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်စပ်တစ်နေရာတွင် ပြီးခဲ့သည့်‌ မတ်လအတွင်းက လက်ရဖမ်းဆီးရမိခဲ့ခြင်ဖြစ်ကြောင်း သိရသည်။

ရဲတပ်ကြပ်ကြီးမျိုးဇော်သည် စစ်တွေမြို့ရဲတပ်ရင်း(၃၆)မှဖြစ်ပြီး တိုင်းဗဟို(၉)တွင် အကြပ်ကြီးသင်တန်းတက်ရောက်နေသူဖြစ်ကြောင်း သိရသည်။

ကျောင်းသားလက်ရုံးတပ်တော်အနေဖြင့် ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများကို ဂျီနီဗာကွန်ဗန်းရှင်းပါ ပြဌာန်းချက်များနှင့်အညီ စနစ်တကျ ထိန်းသိမ်းခဲ့ပြီး တော်လှန်ရေးမဟာမိတ်ဖြစ်‌သော ရက္ခိုင့်တပ်တော်ထံသို့ အပ်နှံခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်မှ စစ်ရှုံးပြီး ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား (၆)ဦးကို မကွေးတိုင်းအတွင်း ဖမ်းဆီးရမိထားကြောင်း People’s Revolution Allianceကလည်း ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ 

ရခိုင်ဒေသမှ စစ်ရှုံး၍ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများအနက် မကွေးတိုင်းနှင့် နီးစပ်ရာဒေသများသို့ ထွက်ပြေးလာသည့် ခလရ(၃၆)တပ်ရင်းမှ စစ်ကောင်စီတပ်သား (၂)ဦးကို ပြီးခဲ့သည့် မတ်လ(၂)ရက်နေ့တွင် လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထွက်ပြေးလာသည့် ခမရ(၃၄၆)တပ်ရင်းမှ စစ်ကောင်စီတပ်သား (၄)ဦးကို ဧပြီလ(၁)ရက်နေ့တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ရခိုင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအများအပြား လက်နက်ချအညံ့ခံခြင်းများရှိသည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားဦးရေမှာလည်း (၄၀၀)နီးပါးရှိကြောင်း သိရသည်။  

အမှတ်(၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်က ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၆)ရက်နေ့တွင် သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

အဆိုပါ သင်တန်းကျောင်းကို ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှ စတင်ကာ ရက္ခိုင့်တပ်တော်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ကျော်ထင်နှင့် ဇနီးတို့လည်း ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရသည်။

#TachileikNewsAgency