ဒီးမော့ဆိုမြို့နယ်အတွင်း ကျေးရွာများနေ ပြည်သူများမှာ အာဏာသိမ်းစစ်ကောင်စီတပ်၏ ရိုက်နှက် နှိပ်စက်ဖမ်းဆီးမှုများကို ခံနေရပြီး အိမ်တွင်း ပစ္စည်းများလည်း အတင်းအဓမ္မယူသွားမှုများ ပြုလုပ်ခံနေရ

ဒီးမော့ဆိုမြို့နယ်အတွင်း ကျေးရွာများနေ ပြည်သူများမှာ အာဏာသိမ်းစစ်ကောင်စီတပ်၏ ရိုက်နှက် နှိပ်စက်ဖမ်းဆီးမှုများကို ခံနေရပြီး အိမ်တွင်း ပစ္စည်းများလည်း အတင်းအဓမ္မယူသွားမှုများ ပြုလုပ်ခံနေရ
ဇွန် 13, 2021 | ကယား

ကရင်နီ(ကယား)ပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ် အတွင်းရှိကျေးရွာအချို့နှင့် စစ်ရှောင်များခိုလှုံနေသည့် နေရာများအနီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လှည့်လည်ပြီး  အရပ်သားများအား ဖမ်းဆီးနှိပ်စက်ခြင်း  နေအိမ်များအားဖျက်ဆီး၍ ပစ္စည်းများအဓမ္မ ယူဆောင်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။ 

ဇွန်လ (၁၀)ရက်နေ့က အ​ကြမ်းဖက် စစ်ကောင်စီတပ်များမှ ဒီးမော့ဆိုမြို့နယ်  ဆောင်ဒူလာကျေးရွာ အတွင်း ဝင်ရောက်ကာ နေအိမ်များအား  ဝင်ရောက်ဖျက်ဆီးခဲ့သလို နေအိမ်များအတွင်းရှိ ပစ္စည်းများကို ယူဆောင်၍ ကျူးကျော်ထိုးစစ်ဆင်ခဲ့ရာ ရွာသာများမှ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ကရင်နီအမျိုးသားကာကွယ်ရေးတပ် နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ 

ဇွန်လ (၁၁)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် ၊ မြလဲကျေးရွာအုပ်စု ပတန်းခို ကျေးရွာတွင်းသို့ စစ်ကောင်စီ တပ်သား(၁၀၀)နီးပါးမှ ဝင်ရောက်ကာ အရပ်သားများကို ပစ်ခတ်ခဲ့သလို အသက်( ၅၅)နှစ်အရွယ်ဒေသခံ အမျိုးသား တစ်ဦးကို အ​ကြောင်းမဲ့ ပစ်သတ်ကာ အလောင်းဖျောက် မြေမြုပ်ခဲ့ပြီး ကျေးရွာတွင်းရှိ နေအိမ်များအား ဖောက်ထွင်းဖျက်ဆီးကာ တန်ဖိုးရှိပစ္စည်းများ စားသောက်စရာ ရိက္ခာများကို အဓမ္မ ယူဆောင်၍ မော်တော်ယာဥ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် ကျေးရွာအနီးရှိ စစ်ရှောင်များခိုလှုံနေသည့် နေရာများထိပါ စစ်ကြောင်းများဝင်ရောက်ကာ စစ်ဆေးမေးမြန်းခြင်း ခြိမ်းခြောက်ခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကျေးရွာများရှိသည့် ဒေသတွင်း နယ်မြေခံ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများမှလည်း စစ်ဘေးရှောင်များ လုံခြုံရေးကို အကြောင်းပြု၍ စစ်ကောင်စီတပ်များအား ခုခံတိုက်ခိုက်ခြင်းမရှိသောကြောင့် စစ်ကောင်စီတပ်များမှာ ဒီးမော့ဆိုမြို့အနီးတွင် လွတ်လပ်စွာစစ်ကြောင်းချီ၍ နယ်မြေရှင်လင်းရေး စစ်ကြောင်းထိုးမှုများမှာ အောင်မြင်လျှက်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်များမှာ လက်နက်အင်အားမမျှ၍ ဆုပ်ခွာပေးနေရကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ဇွန်လ (၁၁)ရက်နေ့တိုက်ပွဲ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇွန်လ (၁၂)ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များမှ ဒီးမော့ဆိုမြို့နယ် မြလဲကျေးရွာတွင် တပ်ဆွဲ၍ ဒေသခံလူငယ်အချို့ကို ဖမ်းဆီးခဲ့သလို နန်းဖယ်ခုံမြို့နယ် ကျွန်းတောကျေးရွာတွင်လည်း PDF  များနှင့်ပတ်သက်သည်ဟု စွတ်စွဲကာ အရပ်သား(၆)ဦးကို ဖမ်းဆီးနှိပ်စက်၍ ကျေးရွာတွင်း ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ပြီး ဝါတောခူ ရွာသစ် ဘုရားကျောင်းတွင် တပ်စွဲကာ ရွာသားများအား ဖမ်းဆီးစစ်ဆေးခြင်း ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် ဒေသခံများမှ ကျေးရွာများအား စွန့်ခွာထွက်ပြေး နေရကြောင်းသိရသည်။

​မိုးဗြဲမြို့နယ်တွင်လည်း ဇွန်လ (၁၂)ရက်နေ့က စစ်ဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ကူညီမည့် ရိက္ခာနှင့် ဆေးဝါးများအပြင် မော်တော်ယာဥ်ကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်များမှ ကရင်နီအမျိုးသားကာကွယ်ရေးတပ်များ တပ်ဆွဲသည်ဟု ယူဆရသော နေရာများသို့ စစ်ကြောင်းထိုးမှုများ ပြုလုပ်လျှက်ရှိကြောင်းသိရသည်။ 

ဇွန်လ (၁၀)ရက်နေ့မှ ဇွန်လ (၁၂)ရက်နေ့ထိ အကြမ်းဖက်စစ်ကောင်စီတပ်မှအကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် ဒီးမော့ဆိုမြို့နယ် အတွင်းရှိ အရပ်သား (၅)ခန့်သေဆုံးခဲ့ရပြီး ဖမ်းဆီးခံထားရသူများလည်းရှိကြောင်း သိရသည်။ 

ဇွန်လ (၁၀)ရက်နေ့မှစ၍ အကြမ်းဖက် စစ်ကောင်စီတပ်များမှ ကယားပြည်နယ်နှင့် ရှမ်း-ကယား နယ်စပ် မိုးဗြဲမြို့တို့တွင် စစ်ဘေးရှောင်များအတွက် ကူညီလုပ်ကိုင်ပေးနေကြသည့် စေတနာ့ဝန်ထမ်းတွေ လူငယ်များကို မြို့တွင်းလမ်းများ ပစ္စည်းသယ်ယူရေး လုပ်ကိုင်နိုင်သည့် နေရာများ ကားဂိတ်များတွင် ကြိုတင်စောင့်ဆိုင်းကာ ဖမ်းဆီးခြင်းများ လုပ်ဆောင်လျှက်ရှိပြီး ဖမ်းဆီးခံရသူနှင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခံရသည့် စေတနာ့ဝန်ထမ်းများလည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။ 

ဇွန် (၁၀)ရက်နေ့မှစ၍ ဒီးမော့ဆိုမြို့နယ် အတွင်းရှိ အရပ်လေးမျက်နှာသို့ အကြမ်းဖက် စစ်ကြောင်းများခွဲ၍ တပ်ဆွဲကာ နယ်မြေရှင်းလင်းရေးများ ဆက်တိုက်လုပ်ဆောင်လာပြီး ၎င်းတို့သွားရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများအား ဖျက်ဆီးမီးရှို့ခြင်းများ လုပ်ဆောင်လျှက်ရှိကာ ဇွန်လ (၁၁)ရက်နေ့မှ ဇွန်လ (၁၂)ရက်နေ့ထိ ကရင်နီအမျိုးသားကာကွယ်ရေးတပ် နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားမှု မရှိ​ကြောင်း KNDF ကသတင်းထုတ်ပြန်ထားသည်။

ကရင်နီ(ကယား)ပြည်နယ် နှင့် ရှမ်း - ကယား နယ်စပ်တို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်များမှ အလုံးအရင်းဖြင့် ဝင်ရောက်နေခြင်းကြောင့် ကျေးရွာစွန့်ခွာထွက်ပြေး၍ တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူ (၁)သိန်းကျော်ရှိပြီဖြစ်ကာ နေ့စဥ်တိုးပွားလျှက်ရှိပြီး စစ်နှင့် မသက်ဆိုင်သည့် စစ်ဘေးရှောင်များအား ကူညီနေသူ စေတနာ့ဝန်ထမ်းများအား တိုက်ခိုက်ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းကို ရပ်တန့်ပေးဖို့ ဒေသခံ လူမှု့အဖွဲ့စည်းများက တောင်းဆိုထားကြသည်။