တောင်သမန်စစ်ဆင်ရေး တစ်လပြည့်တွင် စစ်ကောင်စီတပ်ထံမှ လက်နက် ၁၂၁ လက်နှင့် စစ်သုံ့ပန်း ၁၁ ဦး ဖမ်းဆီးရမိခဲ့ပြီး PDF ရဲဘော် ၁၀ ဦးကျဆုံး

တောင်သမန်စစ်ဆင်ရေး တစ်လပြည့်တွင် စစ်ကောင်စီတပ်ထံမှ လက်နက် ၁၂၁ လက်နှင့် စစ်သုံ့ပန်း ၁၁ ဦး ဖမ်းဆီးရမိခဲ့ပြီး PDF ရဲဘော် ၁၀ ဦးကျဆုံး
နိုဝင်ဘာ 27, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ဖော်ဆောင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ တောင်သမန်စစ်ဆင်ရေး တစ်လပြည့်တွင် စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ(၁၂၁)လက် သိမ်းဆည်းရရှိပြီး စစ်သုံ့ပန်း(၁၁)ဦးကို ဖမ်းဆီးရမိခဲ့ကာ PDF ရဲဘော်(၁၀)ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့ကစတင်ကာ တောင်သမန်စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ပြီး မတ္တရာ၊ နောင်ချိုနှင့် ကျောက်မဲမြို့နယ်တို့တွင် စစ်ဆင်ရေးများ ဖော်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်များအား ရှမ်းမြောက်ဒေသသို့ စစ်ကူမလာနိုင်ရန် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းတလျှောက် ဖြတ်တောက်ပိတ်ဆို့ခြင်း၊ မတ္တရာမြို့နယ်တွင် မန္တလေးတိုင်းအတွင်း ထိုးဖောက်ဝင်ရောက်ရန် ဗျူဟာမြောက်တိုက်ပွဲများ ဖော်ဆောင်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်ဘက်က မြေပြင်စစ်ကြောင်းများ၊ လက်နက်ကြီးပစ်ကူများနှင့် လေကြောင်းပစ်ကူများ အသုံးပြု၍ ထိုးစစ်ဆင်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် မဟာမိတ်တပ်များက ခုခံတိုက်ခိုက်နေရာ နောင်ချိုနှင့် ကျောက်မဲမြို့နယ်တွင် တိုက်ပွဲ(၂၈)ကြိမ်၊ မတ္တရာမြို့နယ်တွင် (၈)ကြိမ်နှင့် မိုးကုတ်မြို့နယ်တွင် (၁)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၉၅)ဦး သေပြီး သံချပ်ကာကား (၂)စီးကို ဖျက်စီးနိုင်ခဲ့ကာ လက်နက်မျိုးစုံ (၁၂၁)လက်၊ ဆက်စပ်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်သား(၁၁)ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

၎င်းစစ်သုံ့ပန်းများကို သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားခဲ့သော်လည်း အကျဥ်းသားများကို ထိန်းသိမ်းထားသော ဒိုးပင်ရဲစခန်းအား စစ်ကောင်စီတပ်က လေကြောင်းမှတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကျဥ်းသားသုံ့ပန်း(၄)ဦး သေဆုံးပြီး တချို့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency