မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲပြင်းထန်

မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲပြင်းထန်
စက်တင်ဘာ 15, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း မိုးကုတ်မြို့နယ် ကုန်းစံရွာအနီးနှင့် အထက်ညောင်ကုန်းအနီးတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၅)ရက်နေ့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ နေ့လယ်(၁၂)နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်၏ တပ်မ(၄၄)၊ ခမရ(၁၀၂)၊ ခမရ(၁၀၄)၊ လပခ/ခလရ(၁၄၈)တပ်ဖွဲ့တို့သည် TNLA တပ်ဖွဲ့များရှိရာသို့ ထိုးစစ်ဆင်လာရာ ကုန်းစံအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ထို့နောက် ညနေ(၄)နာရီဝန်းကျင်တွင် TNLAမှ စစ်ကောင်စီတပ်အား တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အထက်ညောင်ကုန်းရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းများနှင့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ညနေ(၆)နာရီတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည့် ကုန်းစံအနီးသို့ တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

TNLAနှင့် စစ်ကောင်စီတပ်အကြား နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး ပြီးခဲ့သည့် ဇူလိုင်လ(၂၃)ရက်နေ့မှ ယနေ့အထိ တိုက်ပွဲစုစုပေါင်း အကြိမ်(၄၀)ဖြစ်ပွားခဲ့သည်ဟု TNLAသတင်းနှင့်ပြန်ကြားရေးထံမှ သိရသည်။

#TachileikNewsAgency