မနမှော်ရှိ ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှုမှ ယနေ့နံနက်ပိုင်းတွင် ၇ လောင်းထပ်တွေ့၍ သေဆုံးသူ ၃၂ ဦးအထိရှိလာ 

မနမှော်ရှိ ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှုမှ ယနေ့နံနက်ပိုင်းတွင် ၇ လောင်းထပ်တွေ့၍ သေဆုံးသူ ၃၂ ဦးအထိရှိလာ 

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ၊ အေးမြသာယာအုပ်စု မနမှော်ရှိ ကျောက်စိမ်းလုပ်ကွက်ကမ်းပါးပြိုကျကာ ပျောက်ဆုံးနေသူများအနက် (၇)ဦးအလောင်းကို ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် ထပ်မံရှာဖွေတွေ့ရှိသဖြင့် သေဆုံးသူ (၃၂)ဦးအထိ ရှာဖွေတွေ့ရှိထားပြီဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသူများထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၁၃)ရက်နေ့ နေ့လယ်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ဥရုဆိုင်းမှော်ရွာရှိ လပ်ကီးဝမ်းကုမ္ပဏီလုပ်ကွက်ဟောင်းရှိ ကျောက်စိမ်းတောင်ကုမ္ပဏီမှစွန့်ပစ်ထားသော မြေစာပုံပြိုကျမူကြောင့် ကျောက်စိမ်းရှာဖွေနေသူ (၃၇)ဦးသည် မြေစာနှင့်အတူပါသွားပြီး ရေလှိုင်းရိုက်ကာ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးအဖွဲ့များကရှာဖွေရာ ယမန်နေ့ဩဂုတ်လ(၁၅)ရက်နေ့တွင်ပင် (၂၅)ဦးအလောင်းအား ပြန်လည်တွေ့ရှိခဲ့ပြီး ယနေ့ဩဂုတ်လ (၁၆)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်အထိ (၇)ဦးအလောင်းကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ပျောက်ဆုံးနေသူများမှာ လောပန်း ယောဇုံး၏ ကျင်းသား (၁၀)ဦး၊ လောပန်း ကျော်စိုးမိုး (နန့်မဖြစ်)၏ ကျင်းသား(၈)ဦး၊ လောပန်း အောင်နိုင်ဦး၏ ကျင်းသား(၅)ဦး၊ လောပန်း ဒေးဗစ်နှင့် အားနီတို့၏ ကျင်းသား (၃)ဦးအပြင် တခြားလောပန်များ၏ ကျင်းသားများစွာ ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency