ပုလဲမြို့နယ်တွင် အရပ်သားပိုင်ပစ္စည်းများကို လှည်း ၁၈ စီးဖြင့် တိုက်ယူလာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို PDFက ကြားဖြတ် တိုက်ခိုက်

ပုလဲမြို့နယ်တွင် အရပ်သားပိုင်ပစ္စည်းများကို လှည်း ၁၈ စီးဖြင့် တိုက်ယူလာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို PDFက ကြားဖြတ် တိုက်ခိုက်
စက်တင်ဘာ 12, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အင်ကြင်းစုရွာမှ အရပ်သားများ၏ ပစ္စည်းများကို ယူဆောင်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့ ညနေပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အင်မထီးရွာမှ ပျူစောထီးများနှင့် စစ်ကောင်စီတပ်ဖွဲ့ အင်အား (၈၀)ဝန်းကျင်သည် အင်ကြင်းစုကျေးရွာမှ စားနပ်ရိက္ခာ၊ ငွေကြေး၊ ရွှေနှင့် အခြားပစ္စည်းများကို လှည်း(၁၈)စီးဖြင့် သယ်ယူပြီး အင်မထီးရွာသို့ ပြန်လာစဉ် PDF တပ်များက လမ်းခုလတ်မှ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ကို လက်လုပ် ပဒိန်(၂)လုံး (၄၀ မမ နှင့် တူသည့်လက်နက်)ဖြင့် အရပ်သားပိုင် ပစ္စည်းများတင်ဆောင်လာသည့် လှည်း(၁၈)စီးနေရာကို ပစ်ခတ်နိုင်ခဲ့သည်ဟု Southern YSO PDFတပ်ဖွဲ့က ဆိုသည်။

"စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများနိုင်တယ်။ ကျွန်တော်တို့ ပစ်ခတ်ပြီး ကျွန်တော်တို့နဲ့ မီတာ(၁၀၀)အကွားအဝေးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ရှေ့ပြေးကင်းပုန်းက လက်နက်ငယ်နဲ့ ပြန်ပစ်တယ်။"ဟု Southern YSO PDFတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါကင်းပုန်းနေရာကိုလည်း PDF ရဲဘော်များက ပဒိန်တစ်လုံးဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားတချို့ ထိခိုက်သေဆုံးမှု ရှိနိုင်သည်ဟု ဆိုသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးစစ်ကြောင်းက (၆၀)မမ၊ (၄၀)မမနှင့် စက်လက်နက်များဖြင့် ပြန်ပစ်ခတ်ခဲ့သော်လည်း 

PDFရဲဘော်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း (၃)၊ (၄)၊ (၅)၊ (၆)၊ Southern YSO PDFနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency