ထားဝယ်အကျဉ်းထောင်အတွင်း ထောင်၇နှစ်ချခံထားရသည့် နိုင်ကျဉ်းတစ်ဦးကို စစ်ကောင်စီတပ် အပြင်ခေါ်ထုတ် သတ်ဖြတ်

ထားဝယ်အကျဉ်းထောင်အတွင်း ထောင်၇နှစ်ချခံထားရသည့် နိုင်ကျဉ်းတစ်ဦးကို စစ်ကောင်စီတပ် အပြင်ခေါ်ထုတ် သတ်ဖြတ်

တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်၌ ထောင်(၇)နှစ် ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ၂၀၂၄ခုနှစ် မတ်လ (၁၆)ရက်နေ့တွင် စစ်ကောင်စီ‌လက်အောက်ခံ ရဲတပ်ဖွဲ့က ခေါ်ထုတ်ကာ သတ်ဖြတ်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံမှ သိရသည်။

စစ်‌ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ၅၀၅(က)၊ ၅၂(က)နှင့် ၅၁(ဂ)တို့ဖြင့် ထောင်ဒဏ် (၇)နှစ်ချမှတ်ခံထားရသည့် အသက် (၃၅)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုဝင်းသီဟအားသက်သေခံပစ္စည်းများ လိုက်ပြရန်ဟူသော အကြောင်းပြချက်နှင့် ခေါ်ထုတ်သွားကြောင်း သိရသည်။

ခေါ်ထုတ်ခံရပြီးနောက် မတ်လ(၁၆)ရက်နေ့မှစ၍ အကျဉ်းထောင်ကို ပြန်လည်ရောက်ရှိလာခြင်းမရှိတော့ကြောင်း၊ ကိုဝင်းသီဟအား သက်သေခံပစ္စည်း လိုက်ပြခိုင်းစဉ် ထွက်ပြေးရန်ကြံစည်သဖြင့် ခြောက်လန့်ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားကြောင်း ထားဝယ်အကျဉ်းဦးစီးဌာနမှ ပြောကြားကြောင်း ထုတ်ပြန်ထားသည်။

ကိုဝင်းသီဟ သေဆုံးမှုအပေါ် မိသားစုထံ စာပို့အကြောင်းကြားခြင်း၊ ဖုန်းဆက်အသိပေးခြင်းမပြုဘဲ သေဆုံးမှုသတင်းကို ဖုံးကွယ်ထားခဲ့ကြောင်း သိရသည်။

ဥပဒေမဲ့ သတ်ဖြတ်နေမှုများကို အကျဉ်းထောင်ပြင်ပရှိ ပြည်သူများထံသို့ မပေါက်ကြားစေရန် ထားဝယ်အကျဉ်းထောင်တွင်း သတင်းအမှောင်ချထားကြောင်းလည်း သိရသည်။

ထို့ကြောင့် အကျဉ်းထောင်ပြင်ပသို့ ဥပဒေမဲ့ခေါ်ဆောင်ပြီး မတရား သတ်ဖြတ်ခံနေကြရသည့် ကိစ္စရပ်များအပေါ်  နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC)အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်း(UN)လက်အောက်ရှိ လူ့အခွင့်အရေးအဖွဲ့အစည်းများအနေဖြင့်လည်း အကျဉ်းထောင်များအား အမြဲတစေ စောင့်ကြည့်‌လေ့လာ၍ စစ်ဆေးဖော်ထုတ်ပြီး စစ်ကောင်စီနှင့် အကျဉ်းဦးစီးဌာနကို ပြင်းထန်သည့် ဖိအားပေးမှုများကို အမြန်ဆုံး လုပ်ဆောင်ရန်လိုအပ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency