မြင်းခြံမြို့နယ် လက်နက်ကုန်ကြမ်းစက်ရုံရှိ စစ်ကောင်စီတပ်ကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့်ပစ်ခတ်

မြင်းခြံမြို့နယ် လက်နက်ကုန်ကြမ်းစက်ရုံရှိ စစ်ကောင်စီတပ်ကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့်ပစ်ခတ်

မန္တလေးတိုင်း မြင်းခြံမြို့နယ် ကုက္ကဲတောင်ခြေရှိ စစ်ကောင်စီတပ်၏ လက်နက်ကုန်ကြမ်းထုတ်လုပ်သည့် စက်ရုံမှ စစ်ကောင်စီတပ်သားများအား ၂၀၂၄ ခုနှစ် မတ်လ (၂၅)ရက်နေ့က ရှော့တိုက်ဒုံး(၁၀)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မန္တလေးခရိုင်အမှတ်(၃) တပ်ရင်းထံမှ သိရသည်။

အဆိုပါစက်ရုံအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သား အင်အား(၇၀)ဝန်းကျင်ကို တော်လှန်ရေးတပ်ဖွဲ့ (၅)ဖွဲ့ပူးပေါင်းကာ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုနှင့် လက်နက်စက်ရုံ ပျက်စီးမှုအခြေအနေကိုမူ မသိရသေးပါ။ 

တိုက်ခိုက်မှုကို မန္တလေးခရိုင် အမှတ်(၃) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ နွားထိုးကြီးမြို့နယ် ပကဖ၊ ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့နှင့် Security & Special Task Force(SSTF_MDY)တပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၁)ရက်နေ့ကလည်း အဆိုပါတပ်ဖွဲ့များသည် အင်အား(၃၀)ဝန်းကျင်ဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်အား ဆူးဖြူကုန်းကျေးရွာတွင် တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင်လည်း နဘူးအိုင်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ဖောက်ချဉ်းကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency