မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် TNLAတို့ တိုက်ပွဲဖြစ် 

မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် TNLAတို့ တိုက်ပွဲဖြစ် 
စက်တင်ဘာ 11, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း မိုးကုတ်မြို့နယ် ကုန်းစံရွာအနီးတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ယမန်နေ့ကစတင်ကာ ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အထက်ညောင်ကုန်းရွာမှ တအာင်းတပ်မတော်ရှိရာ ကုန်းစံရွာအနီးသို့ စစ်အင်အား ဖြည့်တင်းလာနေစဉ် TNLA တပ်မဟာ(၂) တပ်ရင်း(၆၆၆)နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က အဲဒီဒေသဘက်မှာ စစ်အင်အားအများအပြားနဲ့ ဖြည့်လာတဲ့အတွက် ကျွန်တော်တို့က ပြန်ပြီးတော့မှ ဟန့်တားတာလည်းဖြစ်တယ်။ နောက်ပြီးတော့မှ သူတို့ရဲ့စစ်အင်အား တိုးချဲ့လာမှုနဲ့ ဖြည့်တင်းမှုကို ဟန့်တားတဲ့ပုံစံမျိုးလောက်ပါပဲ။ (၃)ရက်အတွင်း မိုးကုတ်ဘက်မှာတော့ တိုက်ပွဲဖြစ်လာတာတော့ ရှိတယ်။ မူဆယ်နဲ့ နန့်ဖက်ကာဘက်မှာတော့ ပြန်ပြီးတော့ ငြိမ်တဲ့သဘောပေါ့လေ။”ဟု TNLAမှ ရဲဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။

ထို့နောက် ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့မှ လယ်ကြီးရွာနှင့် တောင်နီအကြားမှနေ၍ TNLAတပ်ဖွဲ့များရှိရာသို့ လက်ထောက်ဖြင့်(၁၀)ကြိမ်၊ RPGဖြင့် (၆)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယနေ့ စက်တင်ဘာလ (၁၁)ရက်နေ့တွင်လည်း တိုက်ပွဲဆက်ဖြစ်နေကြောင်း သိရသည်။

TNLAနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး ဇူလိုင်လ (၂၃)ရက်နေ့မှ ယနေ့အထိ တိုက်ပွဲ(၃၈)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

#TachileikNewsAgency