ဆောမြို့နယ်အတွင်း လက်ပန်းရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်ကို မီးရှို့ကာ ဒေသခံအမျိုးသမီး (၅)ဦးကို ဖမ်းဆီးသွား

ဆောမြို့နယ်အတွင်း လက်ပန်းရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်ကို မီးရှို့ကာ ဒေသခံအမျိုးသမီး (၅)ဦးကို ဖမ်းဆီးသွား
နိုဝင်ဘာ 11, 2022 | 2021 Military Coup| အခြားဒေသများ

 မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းထဲက လက်ပန်းရွာကို ဝင်စီးပြီး နေအိမ်ကို မီးရှို့ကာ ဒေသခံအမျိုးသမီး(၅)ဦးအား ဖမ်းဆီးလာသည့် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ဂန်ဂေါခရိုင်တပ်ရင်းအမှတ် (၈/၉) ကျောက်ထု PDF(YRPA)တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဖမ်းဆီးခံထားရသည့် အမျိုးသမီးတစ်ဦး  ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ(၁၀)ရက်နေ့၏ ညပိုင်းက စစ်ကောင်စီတပ်များသည် လက်ပန်းကျေးရွာသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ဝင်ရောက်ကာ အိမ်တစ်အိမ်အား မီးရှို့၍ အမျိုးသမီး(၅)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြခြင်းဖြစ်သည်။

ထို့နောက် နိုဝင်ဘာလ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် ပဆုပ်ကျေးရွာမှ ကျောက်ထုဘက်သို့ အပြန် မြောက်မကျင်းကျေးရွာနှင့် မင်းကြည့်ကျေးရွာကြားသို့ အရောက်တွင် ကျောက်ထုPDF(YRPA)မှ လက်နက်ကြီး ၈၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အပြန်အလှန်ပစ်ခတ်နေစဥ် ဖမ်းဆီးခံ အမျိုးသမီးများထဲမှ အမျိုး သမီးငယ်တစ်ဦးထွက်ပြေးလွှတ်မြောက်ခဲ့ကာ ကျန်အမျိုးသမီး(၄)ဦးကို ကျောက်ထုအမြောက်တပ်အတွင်းသို့ ခေါ်ဆောင်သွားကြကြောင်း သိရသည်။

၎င်း တပ်မ ၅၅၊ ၁၁၊ ၁၀၁ ပူးပေါင်းတပ်ဖွဲ့ အင်အား ၈၀ ဝန်းကျင်ကို နိုဝင်ဘာလ(၉)ရက်တွင် ငှက်ချောင်ရွာ၏ မြောက်ဘက်ကွမ်းခင်းရွာ၏ အရှေ့တောင်ဘက်တောထဲအရောက်တွင် ကျောက်ထု PDF (YRPA) မှ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ (၂)ဦးပြင်း ထန် ဒဏ်ရာရခဲ့သည်ဟု သိရသည်။

အပြစ်မဲ့အမျိုးသမီးများနှင့် ကလေးသူငယ်များကို အတင်းချုပ်နှောင်ဖမ်းဆီးခြင်း၊ အပြစ်မဲ့ပြည်သူများ အကြပ်ကိုင်ခြိမ်းခြောက်ချုပ်နှောင်ခြင်း များသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကျူးလွန်ရာရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်သည်ဟု  အသိပေးကြေညာထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်တပ်ကိုယ်တိုင်က  ကျေးရွာနေပြည်သူများ နှင့် အမျိုးသမီးများက အစ ဖမ်းဆီးနေခြင်း ဖြစ်သည်။

 

Photo: ကျောက်ထုPDF (YRPA)