ရှေ့ဟောင်းပုဂံယဉ်ကျေးမှုနယ်မြေရှိ နေအိမ်တစ်လုံး ဓားပြတိုက်ခံရ

ရှေ့ဟောင်းပုဂံယဉ်ကျေးမှုနယ်မြေရှိ နေအိမ်တစ်လုံး ဓားပြတိုက်ခံရ

မန္တလေးတိုင်း ညောင်ဦးမြို့နယ် ရှေ့ဟောင်းပုဂံယဉ်ကျေးမှုနယ်မြေ လောကနန္ဒာဘုရားအနီးရှိ အရှေ့ ဖွားစောရွာမှ နေအိမ်တစ်လုံး ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၁)ရက်နေ့ နံနက်ပိုင်းက ဓားပြတိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါနေအိမ်ကို လူ(၆)ဦးက ဆိုင်ကယ်နှစ်စီးဖြင့်လာရောက်၍ ဓားပြတိုက်သွားခြင်းဖြစ်ပြီး ကားတစ်စီးကို ယူသွားကာ ဓမ္မရံကြီးဘုရားအနီးတွင်ထားခဲ့ပြီး နေအိမ်မှ မည်သည့်ပစ္စည်းများ ပါသွားသည်ကိုမူ မသိရသေးပါ။

“လူတွေကို အိမ်ထဲက အခန်းတစ်ခန်းထဲမှာ သော့ခတ်ပိတ်ခဲ့တယ်။ လူတွေကိုတော့ ဘာမှမလုပ်သွားဘူး။ အဲဒီဖြစ်စဉ်ဖြစ်သွားပြီးနောက် စစ်ကောင်စီတပ်က ဒီနေ့ညနေပိုင်း တစ်ညနေလုံး အဝင်အထွက်တွေ စစ်ဆေးနေတယ်။ အဲဒီအိမ်က ပိုက်ဆံရှိတယ်။ အုတ်တံတိုင်းတွေက အကြီးကြီးခတ်ထားတာ။ အိမ်နီးနားချင်းတွေတောင် နောက်မှသိရတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

စစ်တပ်အာဏာသိမ်းပြီး‌နောက် ပုဂံဒေသမှ ဒေသခံများမှာ ဧည့်သည်အဝင်ပါးနေသဖြင့် အဆင်မပြေမှုများဖြင့် ရင်ဆိုင်နေကြရပြီး မြို့တွင်းခြံနှင့် အိမ်များကို ရောင်းချနေခြင်းပင်ရှိလာကြကြောင်း ဒေသခံများထံမှသိရသည်။

#TachileikNewsAgency