ကားဆရာများကို ရိုက်နှက်ခဲ့သည့် Transporter Bar ကို လူမှုရေးပြစ်ဒဏ်ခတ်ပြီဟု Good Choice Myanmar Kilo Taxi Service ထုတ်ပြန်

ကားဆရာများကို ရိုက်နှက်ခဲ့သည့် Transporter Bar ကို လူမှုရေးပြစ်ဒဏ်ခတ်ပြီဟု Good Choice Myanmar Kilo Taxi Service ထုတ်ပြန်

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်ရှိ Transporter Barမှ တက္ကစီကားဆရာများအား အုပ်စုဖွဲ့ရိုက်နှက်မှုကို ရှုတ်ချပြီး Transporter Bar မှ အော်ဒါတင်ခြင်း၊ ကားငှားရမ်းခြင်းများကို လိုက်ပါပို့ဆောင်တော့မည်မဟုတ်ကြောင်း Good Choice Myanmar Kilo Taxi Service က ထုတ်ပြန်သည်။

၂၀၂၄ခုနှစ် မတ်လ(၃၀)ရက်နေ့ ညပိုင်းက ရန်ကင်းမြို့နယ် ဘော်ထော်ဘူတာရုံလမ်းရှိ The Yard Bar အနီးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏သား အောင်ပြည်စုံပိုင်ဆိုင်သော Sky One Construction ကုမ္ပဏီ တာဝန်ခံ နေဇော်မြင့် ကားပေါ်အတက်တွင် မိုင်းခွဲခံရပြီးနောက် စစ်တပ်ထောက်တိုင် Transporter Barမှ ဝန် ထမ်းများက တက္ကစီယာဉ်များကို စစ်ဆေးခြင်းနှင့် ယာဉ်မောင်းများကို ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

Bar လုံခြုံရေးလူရမ်းကားများက တက္ကစီကားဆရာများအား မင်းမဲ့စရိုက်ဆန်စွာ လက်ကိုင်တုတ်များကိုင်ကာ အုပ်စုဖွဲ့ အကြမ်းဖက် အနိုင်ကျင့် ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းကို ဝန်းရံကားဆရာများနှင့်အတူ မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသည်ဟု Good Choice Myanmar Kilo Taxi Service က ထုတ်ပြန်သည်။

Bar လုံခြုံရေးများက လက်ကိုင်တုတ်များဖြင့် ရိုက်နှက်ခြင်း၊ ကားမှန်များရိုက်ခွဲခြင်းကြောင့် ကားဆရာများ ထိခိုက်ဒဏ်ရာ ပြင်းထွန်စွာရရှိခဲ့ပြီး Transporter Bar လုံခြုံရေးများ၏ အကြမ်းဖက်ရမ်းကားမှုများကို Good Choice Myanmar Kilo Taxi Service က အပြင်းအထန် ရှုတ်ချသည်ဟု ထုတ်ပြန်သည်။

ထို့ကြောင့် Transporter Barမှ အော်ဒါတင်ခြင်း၊ ကားငှားရမ်းခြင်းများကို လိုက်ပါပို့ဆောင်ပေးတော့မည်မဟုတ်ကြောင်းကို အသိပေးကြေညာကြောင်းနှင့် Transporter Barကို Boycott Bar အဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency