ထိုင်းဘုရင်က ပြည်တော်ပြန် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ပြစ်ဒဏ်လျှော့ပေါ့ ပေးထား

Photo: Pattarapong Chatpattarasill
Photo: Pattarapong Chatpattarasill
ထိုင်းဘုရင်က ပြည်တော်ပြန် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ပြစ်ဒဏ်လျှော့ပေါ့ ပေးထား
စက်တင်ဘာ 11, 2023 | နိုင်ငံတကာသတင်း
By Mr John

 ပြည်တော်ပြန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာအပေါ် ချမှတ်ထားသည့် ထောင်ဒဏ် (၈) နှစ် ပြစ်ဒဏ်ကို ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းက (၁) နှစ်သာ ကျခံရန် ပြစ်ဒဏ် လျှော့ပေါ့ခွင့်ပြုလိုက်ကြောင်း ကြေညာစာကို Royal Gazette က ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့တွင် ဖော်ပြထားသည်။ 

ဩဂုတ်လ (၃၁) ရက် နေ့စွဲဖြင့် ပြစ်ဒဏ်လျှော့ပေါ့ခွင့်ပြုမှုကို အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ထပ်ဆင့် လက်မှတ်ရေးထိုးထားသည်။ 

အသက် (၇၄) နှစ်အရွယ် ဘီလျံနာ သက်ဆင်က ဩဂုတ်လ (၂၂) ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ပြန်လာခဲ့ပြီးနောက် ဘုရင်မင်းမြတ်ထံ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် အသနားခံစာတင်ခဲ့သည်။ 

ထိုင်းတရားရုံးချုပ်က ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို နိုင်ငံသို့ ပြန်ရောက်နေ့တွင် အမှု (၃) ခုအတွက် ထောင်ဒဏ် (၈) နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး အကျဥ်းထောင်သို့ ပို့ဆောင်ခဲ့သည်။

သို့သော် အကျဥ်းထောင်တွင် ရင်ဘတ်အောင့်ခြင်း၊ သွေးတိုးခြင်းနှင့် အောက်စီဂျင်ကျခြင်း ရောဂါလက္ခဏာများ ခံစားရမှုကြောင့် သက်ဆင်ကို ရဲဆေးရုံ Police General Hospital သို့ ရွှေ့ပြောင်းခဲ့ရသည်။ 

ထိုင်းဘုရင်၏ ပြစ်ဒဏ်လျှော့ပေါ့ကြောင်း ကြေညာစာတွင် သက်ဆင်က အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့စဥ် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အကျိုးပြုသည့် ဆောင်ရွက်ချက်များစွာ လုပ်ဆောင်ခဲ့ကြောင်းနှင့် ဘုရင်စနစ်ကို သစ္စာခံသူလည်းဖြစ်ကြောင်း ဖော်ပြထားသည်။

သက်ဆင်က တရားရုံး လုပ်ထုံးလုပ်နည်းများကို လေးစားပြီး ၎င်း၏အပြစ်ကို ဝန်ခံခဲ့ကြောင်း နှင့် နောင်တရခဲ့ပြီး တရားရုံး စီရင်ချက်ကို လက်ခံခဲ့ကြောင်း ကြေညာစာတွင် ပြောထားသည်။ 

ယခုအခါ သက်ဆင်မှာ အသက်ကြီးပြီး နေမကောင်းဖြစ်နေရာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ ပြုစုစောင့်ရှောက် လိုအပ်ကြောင်း၊ ပြစ်ဒဏ်လျှော့ပေါ့ပေးလိုက်ခြင်းဖြင့် အနာဂါတ်တွင် တိုင်းပြည်၊ လူ့အဖွဲ့အစည်းနှင့် ပြည်သူလူထုကို အကျိုးပြုရန် ၎င်း၏ အသိပညာ၊ အရည်အချင်းနှင့် အတွေ့အကြုံများကို အသုံးပြုနိုင်မည်ဟု ဘုရင်၏ ကြေညာစာတွင် ဖော်ပြသည်။

Source: Bangkok Post