ယူကရိန်းက ရုရှားသိမ်းပိုက်ခဲ့သည့် နိုင်ငံအရှေ့ပိုင်းအတွင်း နေရာများကို ပြန်လည်ရယူနိုင်ခဲ့

ယူကရိန်းက ရုရှားသိမ်းပိုက်ခဲ့သည့် နိုင်ငံအရှေ့ပိုင်းအတွင်း နေရာများကို ပြန်လည်ရယူနိုင်ခဲ့
စက်တင်ဘာ 11, 2022 | နိုင်ငံတကာသတင်း
By Mr John

 ယူကရိန်းတပ်ဖွဲ့များက ယခင် ရုရှားထိန်းချုပ်ထားသည့် နိုင်ငံအရှေ့ပိုင်း ပိုင်နက်နယ် မြေအတွင်းရှိ နေရာများကို အလွန် သိသိသာသာနှင့် အလျင်အမြန် ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ 

"ရန်သူကို တတ်နိုင်သမျှ နှောင့်နှေးအောင်လုပ်ထားပါတယ်။ ဒါပေမဲ့ အခြေချနေထိုင်ရာ မြို့၊ ရွာအများအပြားက ယူကရိန်းတပ်ဖွဲ့ ထိန်းချုပ်မှုအောက် ရောက်သွားခဲ့ပါတယ်"ဟု Kharkiv နယ်မြေရှိ ရုရှားကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ Vitaly Ganchev က စက်တင်ဘာလ (၉) ရက်နေ့တွင် အတည်ပြုခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမြာဇီလန်းစကီးကလည်း ယခုအချိန်အထိ Kharkiv နယ်မြေရှိ အခြေချ နေထိုင်ရာ နေရာ (၃၀) ကျော်ကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး ရုရှားလက်အောက်မှ လွတ်မြောက်ခဲ့ပြီဖြစ်ကြောင်းနှင့် အရှေ့ပိုင်း ဒွန်ဘတ်စ်နယ်မြေနှင့် တောင်ပိုင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း ထိုနေ့နှောင်းပိုင်းတွင် ပြောခဲ့သည်။ 

ယူကရိန်း၏ စစ်တပ်၊ ထောက်လှမ်းရေးနှင့် လုံခြုံရေးဌာနတို့က စစ်ဆင်ရေးဧရိယာများတွင် အောင်အောင်မြင်မြင် လုပ်ဆောင်ခဲ့ကြသည်ဟု သမ္မတဇီလန်းစကီးက ဆိုသည်။

ရုရှားလက်အောက်ခံ နယ်မြေအုပ်ချုပ်ရေးမှူး Ganchev က ၎င်း၏ အုပ်ချုပ်ရေးအဖွဲ့က နယ်မြေအတွင်း ရုရှား၏ အဓိက ခြေကုပ်နေရာနှင့် ထောက်ပံ့ပို့ဆောင်ရေး အခြေစိုက်စခန်းဖြစ်သည့် Izium အပါအဝင် မြို့များမှ အရပ်သားများကို ရွှေ့ပြောင်းပေးရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။ 

 

Izium မြို့ရှိ ရုရှားခုခံသူများ အားလုံးနီးပါးကို အဆက်အသွယ်ဖြတ်ပြီ ဝိုင်းပတ်ပိတ်ဆို့ထားကြောင်း ယူကရိန်းသမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် Oleksiy Arestovych က ပြောသည်။

နောက်ဆုံးသတင်းများအရ ယူကရိန်းတပ်ဖွဲ့များက မဟာဗျူဟာအရ အရေးပါသည့် Izium မြို့တွင်းသို့ ဝင်ရောက်ခဲ့ကြပြီဟု သိရသည်။ 

ထိုမြို့ကို ရုရှားက (၅) လကြာ သိမ်းပိုက်ထားခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းအစိုးရတာဝန်ရှိသူများက စက်တင်ဘာလ (၁၀) ရက်နေ့တွင် ပြောသည်။ 

ထိုအတောအတွင်း ရုရှားစစ်တပ်က ယူကရိန်းတပ်ဖွဲ့များ နယ်မြေပြန်လည်သိမ်းပိုက်နေသည့် ဒေသများသို့ တပ်ကူများစေလွှတ်နေသည်ဟု ဆိုသည်။

 Source: Reuters, CNN

Photo: Metin Aktas/Anadolu Agency/Getty Images, REUTERS/Viacheslav Ratynskyi, REUTERS/Alexander,