မြောက်ကိုရီးယားတွင် COVID-19 ကူးစက်ခံရသူ တစ်သန်းကျော်ရှိနိုင်

 ပုံအညွှန်း - မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ဆေးဝါးဆိုင်ရာ စစ်ဆေးစဉ် [ Photo: KCNA ]
ပုံအညွှန်း - မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ဆေးဝါးဆိုင်ရာ စစ်ဆေးစဉ် [ Photo: KCNA ]
မြောက်ကိုရီးယားတွင် COVID-19 ကူးစက်ခံရသူ တစ်သန်းကျော်ရှိနိုင်
By Mr John

မြောက်ကိုရီးယားအစိုးရက COVID-19 ကူးစက်မှုများဖြစ်ကြောင်း အတည်မပြုသော်လည်း တစ်နိုင်ငံလုံးတွင် ဖျားနာနေသူ (၁) သန်းကျော်ရှိနေကြောင်း သိရသည်။ 

နိုင်ငံတဝန်း COVID-19 ကူးစက်မှုလှိုင်းတစ်ခု ဖြစ်ပေါ်နေရာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ကျန်းမာရေးတာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး စစ်တပ်ကို ဆေးဝါးဖြန့်ဖြူးရေးတွင် ပါဝင်ကူညီရန် အမိန့်ပေးလိုက်သည်။

မြောက်ကိုရီးယားအစိုးရက ပြောဆိုနေသော ဖျားနာသည့် အခြေအနေဖြင့် နေမကောင်းဖြစ်နေသူ တစ်နိုင်ငံလုံးတွင် (၁) သန်းကျော်ရှိနေကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က ပြောသည်။ 

မြောက်ကိုရီးယားတွင် ယခုအချိန်အထိ လူ (၅၀) ခန့် ဖျားနာ သေဆုံးခဲ့သော်လည်း COVID-19 ကူးစက်ခံရသူ မည်မျှတွေ့ရှိရကြောင်း အတိအကျ မသိရပေ။ 

မြောက်ကိုရီးယားတွင် COVID-19 စစ်ဆေးမှုများကို အကန့်အသတ်ဖြင့်သာ လုပ်ဆောင်နိုင်တာကြောင့် ကူးစက်မှုအနည်းငယ်သာ အတည်ပြုထားသည်ဟု ဆိုသည်။

ကာကွယ်ဆေးများ မရှိခြင်းနှင့် ကျန်းမာရေးစနစ် ညံ့ဖျင်းခြင်းတို့ကြောင့် မြောက်ကိုရီးယားနိုင်ငံသားများမှာ ဗိုင်းရပ်စ်ကူးစက်လွယ်သည့် အခြေအနေတွင် ရှိနေသည်။ 

မြောက်ကိုရီးယားက COVID-19 ကူးစက်မှုတွေ့ရကြောင်း မေလ (၁၂) ရက်နေ့တွင် ပထမဆုံးအကြိမ် တရားဝင်ထုတ်ပြန်ခဲ့ပြီးနောက် ယခုအခါ တစ်နိုင်ငံလုံးကို lockdown လုပ်ထားကြောင်း သိရသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က အရေးပေါ် ပေါ်လစ်ဗျူရိုအဖွဲ့ အစည်းအဝေးတစ်ခုကို သီတင်းပတ်ကုန်ရက်များအတွင်း ဦးဆောင်ပြုလုပ်ခဲ့ပြီး ကျန်းမာရေးအရာရှိတွေက ဆေးဝါးဖြန့်ဖြူးရေး သေချာစွာ စီမံဆောင်ရွက်ခြင်းမရှိကြောင်း ဝေဖန်ပြောဆိုခဲ့သည်။

 ပြုံယမ်းမြို့တွင် ဆေးဝါးအထောက်အပံ့ တည်ငြိမ်မှုရှိရန် ချက်ချင်းလုပ်ဆောင်ရေး စစ်တပ်က ကူညီပေးရန်လည်း ၎င်းက အမိန့်ပေးခဲ့သည်။

မြောက်ကိုရီးယား၏ လူဦးရေ (၂၅) သန်းမှာ ကာကွယ်ဆေးထိုးမထားမှုနှင့် ကျန်းမာရေးစောင့်‌ရှောက်မှု ညံ့ဖျင်းမှုတို့ကြောင့် ကူးစက်လွယ်သူများဖြစ်ကြောင်းလည်း ကျွမ်းကျင်သူတွေက ဆိုသည်။ 

ယမန်နှစ်အတွင်း နိုင်ငံတကာအသိုင်းအဝိုင်းက AstraZeneca နှင့် တရုတ်ထုတ် Sinovac ကာကွယ်ဆေး သန်းနှင့်ချီ ပေးအပ်မည့်ကမ်းလှမ်းမှုများကို မြောက်ကိုရီးယားအာဏာပိုင်တွေက ငြင်းပယ်ထားခဲ့သည်။ 

ကာကွယ်ဆေးများကို လက်ခံမည့်အစား ၂၀၂၀ ခုနှစ်ကတည်းက ၎င်း၏နယ်စပ်များကို ပိတ်ထားခြင်းဖြင့် COVID-19 ကို ထိန်းချုပ်ထားခဲ့ကြောင်း ပြောခဲ့သည်။

Source: BBC