ကျိုင်းတုံမြို့တွင် လမ်းမြေတိုးချဲ့နိုင်ရေးအတွက် ရဲစခန်းဧရိယာ အနည်းငယ်စွန့်လွှတ်ပေးပြီး အုတ်တံတိုင်းအသစ်ကာရန်အတွက် စတင်

ကျိုင်းတုံမြို့တွင် လမ်းမြေတိုးချဲ့နိုင်ရေးအတွက် ရဲစခန်းဧရိယာ အနည်းငယ်စွန့်လွှတ်ပေးပြီး အုတ်တံတိုင်းအသစ်ကာရန်အတွက် စတင်
ဖေဖော်ဝါရီ 26, 2020
By Tachileik News Agency
ကျိုင်းတုံမြို့တွင် လမ်းမြေတိုးချဲ့နိုင်ရေးအတွက် ရဲစခန်းဧရိယာ အနည်းငယ်စွန့်လွှတ်ပေးပြီး အုတ်တံတိုင်းအသစ်ကာရန်အတွက် စတင်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့လယ်လမ်း ချဲ့ထွင်နိုင်ရေးအတွက် ဒုတိယပြည်နယ်၊ ခရိုင်၊မြို့နယ်နှင့် မြို့မ ရဲစခန်းများတည်ရှိသည့် ရဲတပ်ဖွဲ့ဝန်းမှ မြေနေရာကို စွန့်လွှတ်ပေးရန်အတွက် အုတ်တံတိုင်းကို နောက်ဆုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လမ်းမြေနေရာပေးရန်အတွက် အုတ်တံတိုင်းကို နောက်ဆုတ်ကာရံပေးမည်ဖြစ်ရာ မြေသန့်ပရိတ်နာခြင်းကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့ ညနေပိုင်းက ပြုလုပ်သည်။

ဒီနေ့ညနေ (၄) နာရီမှာ ဘုန်းကြီးတွေပင့် ကမ္မဝါဖတ်ပြီး မြေနုတ်မင်္ဂလာလုပ်တယ်။ မနက်ဖြန် မနက်အစော အန္တရာယ်ကင်းပရိတ် ရွတ်ဦးမှာပေါ့။ ရွတ်ပြီးရင် လုပ်ငန်းစတော့မှာပေါ့။ မြေက တပ်ဖွဲ့ပိုင် ဂရံပေါက်မြေ ဖြစ်နေတော့ မြို့အနေနဲ့ သာယာလှပအောင် လမ်းလည်းကျယ်သွားအောင် ကျွန်တော်တို့က တင်ပြတော့ အထက်က လူကြီးတွေကလည်း အနေအထားကြည့်ပြီးတော့ ဒါကိုခွင့်ပြုတယ်။ ကျွန်တော်တို့ဆီက အလျားပေ (၄၀၀) ပေါ့။ အတွင်းကိုတော့ အများဆုံးနေရာက (၈) ပေပေါ့။ အဖြောင့်အတိုင်းဆွဲပြီးတော့ (ဝ.၆၆) ဧကလောက် ရှိတာပေါ့။ ကျွန်တော်တို့ စွန့်လွှတ်ပေးတာပေါ့

ဟု ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့ရှိ ရဲတပ်ဖွဲ့ပိုင်မြေနေရာကို ကာရံထားသည့် အုတ်တံတိုင်းများ ဟောင်းနွမ်းနေသည့်အတွက် ပြန်လည်ပြင်ဆင်နိုင်ရေးနှင့် လမ်းဧရိယာကျဉ်းမြောင်းနေသည့်အတွက် မြေနေရာစွန့်လွှတ်ပေးနိုင်ရေး ရှမ်းပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ်တွင် တင်ပြခဲ့ပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာနသို့တင်ပြခဲ့တာ တပ်ဖွဲ့ပိုင်မြေ စွန့်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

လွတ်လပ်ရေးကျောက်တိုင်နဲ့ ရဲစခန်းထောင့်စွန်းနေရာက လမ်းကျဉ်းနေလို့ လမ်းချဲ့ဖို့အတွက် နောက်ကို (၈) ပေလောက်ဆုတ်ပေးဖို့ တင်ပြခဲ့တယ်။ အဆင့်ဆင့်တင်ပြပြီးတော့ အခုနေပြည်တော်ပြည်ထဲရေးဌာနက ခွင့်ပြုချက်ကျလာတဲ့အတွက် လုပ်ငန်းတွေ စလုပ်မယ်

ဟု ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့ရှိ ရဲတပ်ဖွဲ့ပိုင်မြေနေရာကို ကာရံထားသည့် အုတ်တံတိုင်းများ အသစ်ပြန်လည်ကာရံရေးအတွက် နောင်တုံကုမ္ပဏီမှ လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှစတင်ကာ အုတ်တံတိုင်းဟောင်းများဖြိုဖျက်ကာ အုတ်တံတိုင်းသစ်ကာရံမည်ဖြစ်ပြီး ကျပ်သိန်း (၁,၀၀၀) ခန့်ကုန်ကျနိုင်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျိုင်းတုံ စည်ပင်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~