အာဏာသိမ်း စစ်ကောင်စီက သတင်းသမား (၃)ဦး ကို ထောင်ဒဏ် အသီးသီး ချမှတ်

အာဏာသိမ်း စစ်ကောင်စီက သတင်းသမား (၃)ဦး ကို ထောင်ဒဏ် အသီးသီး ချမှတ်

 သင်္ဃန်းကျွန်းပို့စ် မီဒီယာမှ အယ်ဒီတာချုပ် ကိုဝေလင်းယု၊ တာဝန်ခံအယ်ဒီတာ မထက်ထက်အောင်နှင့် အလွတ်တန်း သတင်းထောက် ကိုစိုးရာဇာထွန်းတို့ကို စစ်ကောင်စီက ယနေ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၁၆)ရက်နေ့တွင် ‌ထောင်ဒဏ်များ အသီးသီးချမှတ် လိုက်ကြောင်း ၎င်းတို့နှင့်နီးစပ်သူများထံမှ သိရသည်။

ပုဒ်မ ၅၂(က)ဖြင့် အမှုရင်ဆိုင်နေရသည့် အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းကို ယနေ့တွင်ပင် တရားရုံးက ထောင်ဒဏ်(၄)နှစ် ချမှတ်လိုက်ပြီး သင်္ဃန်းကျွန်းပို့စ်မီဒီယာ၏ အယ်ဒီတာချုပ် ကိုဝေလင်းယု နှင့် တာဝန်ခံအယ်ဒီတာ မထက်ထက်အောင်တို့ကို ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများအက် ဥပဒေပုဒ်မ (၅)ဖြင့် တစ်ဦးကို အလုပ်နှင့် ထောင်ဒဏ်(၅)နှစ်စီချ မှတ်လိုက်ကြောင်း သိရသည်။

ကိုဝေလင်းယုနှင့် မထက်ထက်အောင်တို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၁ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့က ဖမ်းဆီးသွားပြီးနောက် (၁၄)လကျော်အကြာဖြစ်သည့် ယနေ့ ဒီဇင်ဘာလ(၁၆)ရက်နေ့တွင် အမိန့်ချလိုက်ခြင်း ဖြစ်သည်။

ကိုစိုးရာဇာထွန်းသည် ၂၀၂၁ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲများကို သတင်းရယူစဉ် ပထမအကြိမ် ဖမ်းဆီးထိန်းသိမ်းခံရပြီး ပုဒ်မ  ၅၀၅-က ဖြင့် အမှုဖွင့်ခံခဲ့ရကာ (၄)လ ကြာ အကျဉ်းချခံခဲ့ရပြီးနောက် ဇွန်လ (၃၀)နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ 

ထို့နောက် ပဲခူးဘက်တွင် ရဟန်းဝတ်နေသော ကိုစိုးရာဇာထွန်းကို လာရောက် ဖမ်းဆီးခဲ့သော်လည်း လွတ်မြောက်ခဲ့ကာ မတ်လတွင်မူ သာယာဝတီခရိုင်၊ သုံးဆယ်မြို့၌ ဖမ်းဆီးခံလိုက်ရပြီး ကိုစိုးရာဇာထွန်းကို လှည်းကူးမြို့နယ် ဖောင်ကြီးရှိ ဘုရားလေးစစ်ကြောရေးစခန်းတွင် ထိန်းသိမ်းပြီးနောက် အင်းစိန် ထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်  သတင်းဌာန (၁၀)ခုထက်မနည်း လိုင်စင်ပိတ်သိမ်းလိုက်သလို သတင်းသမားများလည်း ဖမ်းဆီးခံထားရသည့်အပြင် ထွက်ပြေးတိမ်းရှောင်နေရသည့် သတင်းသမားများစွာ ရှိနေသည်။