ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ လက်နက်ခဲယမ်းများ 

ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ လက်နက်ခဲယမ်းများ 
နိုဝင်ဘာ 10, 2023 | 2021 Military Coup| အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့များထံမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများအား နိုဝင်ဘာလ(၉)ရက်နေ့တွင် NUG အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်လာသည်။

ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့မှ နိုဝင်ဘာလ (၅) ရက်နေ့ ညပိုင်းအထိ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား(၅၀)ဦးခန့်သေကာ လက်နက်ချ အညံ့ခံသူ စစ်သုံ့ပန်း (၂၁) ဦး ရှိခဲ့ကြောင်း သိရသည်။

ကောလင်းမြို့အတွင်း စစ်ကောင်စီတပ်များ အဓိက အခြေချနေရာများဖြစ်သည့် ဒုဗိုလ်မှူးကြီး သက်ပိုင်မြင့် ဦးစီးသည့် ခမရ(၃၆၉) အင်အား (၅၇) ဦးရှိ အထက်တန်းကျောင်း၊ ဒုဗိုလ်မှူးကြီး သိန်းဇော်လင်း ဦးစီးသည့်  ခမရ (၁၁၁၊ ၁၂၀) အင်အား (၄၀) ခန့်ရှိ အထွေထွေအုပ်ချုပ်ရေးရုံး၊ ဒုရဲမှူး သန်းလွင် (မြို့နယ်မှူး) ဦးစီးပြီး ရဲအင်အား (၆၆) ဦးရှိ ရဲစခန်း၊ ရွှေနွယ်ဖြိုး လက်ဖက်ရည်ဆိုင်နှင့် မီးရထားဘူတာတို့အား အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ကောလင်းခရိုင် ကွပ်ကဲရေးရုံး၊ ကောလင်းခရိုင် အမှတ် (၁၊ ၂) တပ်ရင်း၊ စစ်ကိုင်းတိုင်း ပကဖ၊ ကောလင်းခရိုင်/မြို့နယ် ပကဖနှင့် Federal Wings ၊ ကောလင်းခရိုင် အမှတ် (၃၊ ၄)တပ်ရင်းနှင့် ဝန်းသိုမြို့ နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ကောလင်းမြို့သို့ တိုက်လေယာဉ်နှင့် Mi-35 ရဟတ်ယာဉ်တို့ဖြင့် လေကြောင်း တိုက်ခိုက်မှုပေါင်း (၄၉) ကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲတွင် တော်လှန်ရေးတပ်ဘက်မှ ရဲဘော် (၃) ဦးကျဆုံးခဲ့ရကာ စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး၊ လက်နက်ငယ် စုစု ပေါင်း (၆၉) လက်၊ Jammer (၄) ခု၊ ခဲယမ်း၊ ကျည်အမြောက်အများနှင့် အသုံးအဆောင်ပစ္စည်းများအား  သိမ်းဆည်းရမိခဲ့ သည်ဟု သိရသည်။

#TachileikNewsAgency

Photo: စစ်ဦးစီးရုံး အမှတ် (၁) စစ်ဒေသ