စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ပါတီများကိုခေါ်ယူပြီး အီလက်ထရောနစ် မဲပေးစက်ကို စမ်းသပ်ခိုင်း

စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ပါတီများကိုခေါ်ယူပြီး အီလက်ထရောနစ် မဲပေးစက်ကို စမ်းသပ်ခိုင်း
စက်တင်ဘာ 5, 2023 | 2021 Military Coup

အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများအားခေါ်ယူကာ ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် အီလက်ထရောနစ်မဲပေးစက်အား စမ်းသပ်မဲပေးခိုင်းခဲ့သည်ဟု သိရသည်။

မဲဆန္ဒရှင်စာရင်းများပြုစုရာတွင် ပြည့်စုံမှန်ကန်ရေးနှင့် လွယ်ကူစေရေးအတွက် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ကိုရေးဆွဲနေကာ မဲပေးရာတွင် မဲမသမာမှုများ မဖြစ်စေရန်နှင့် မဲပေးရာတွင် မြန်ဆန်လွယ်ကူခြင်း၊ တိကျသောမဲရလဒ်များရရှိနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ပယ်မဲမရှိခြင်း၊ မဲလက်မှတ်များ ရိုက်နှိပ်ရသည့် ကုန်ကျစရိတ်များ လျော့နည်းစေခြင်းတို့အတွက် ရည်ရွယ်ပြီး အီလက်ထရောနစ်မဲပေးစက် အသုံးပြုရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသိန်းစိုးက ဆိုသည်။

ထို့အပြင် ရွေးကောက်ပွဲများတွင် မြန်မာနိုင်ငံနှင့်သင့်တော်သည့် အချိုးကျကိုယ်စားပြုစနစ်နှင့် ကိုက်ညီမည့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းထုတ်ပြန်ရန် ပြင်ဆင်နေသည်ဟုလည်း ပြောသည်။

နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ(၅၀)နှင့် ပါတီအသစ်တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ (၁၄)ပါတီ၊ စုစုပေါင်း (၆၄)ပါတီရှိကာ ပါတီ(၄၀)မှာ ပြန်လည်လျှောက်ထားခြင်းမရှိသဖြင့် ပါတီအဖြစ်မှ ပျက်ပြယ်ပြီးဖြစ်ကြောင်း ၎င်းကပြောသည်။

ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများတွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကို ပါဝင်ခွင့်ပြုသွားမည်ဖြစ်သဖြင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပါတီများ ပူးပေါင်းကြစေလိုသည်ဟုလည်း ၎င်းကပြောသည်။

အဆိုပါပွဲကို စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ (၃၁)ရက်နေ့က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါပြီး (၆)လ ထပ်မံသက်တမ်းတိုး၍ ရွေးကောက်ပွဲပြုလုပ်ပေးမည်ဟု စစ်ခေါင်းဆောင်က ပြောဆိုနေသော်လည်း မည်သည့်ကာလတွင် ပြုလုပ်မည်ဆိုသည်ကိုမူ ပြောဆိုနိုင်ခြင်းမရှိခဲ့ပါ။

တော်လှန်ရေးအဖွဲ့များကမူ စစ်ကောင်စီကပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲကို ကန့်ကွက်ကြရန် ပြည်သူလူထုအား တိုက်တွန်းခြင်းများလည်း ရှိနေသည်။

#TachileikNewsAgency