PDF သိမ်းထားသည့် ခါချဉ်တောင်အနီးတွင် ပစ်ခတ်တိုက်ခိုက်မှုများထပ်ဖြစ်

PDF သိမ်းထားသည့် ခါချဉ်တောင်အနီးတွင် ပစ်ခတ်တိုက်ခိုက်မှုများထပ်ဖြစ်
စက်တင်ဘာ 22, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် ပဲခူးရိုးမမှဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ  (၂၁)ရက်နေ့က စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)ထံမှ သိရသည်။

မင်းလှမြို့အပိုင် ပဲခူးရိုးမအတွင်းရှိ ဇာမဏီဘက်မှဆင်းလာသော အင်အား(၁၅)ဦးပါသည့် စစ်ကောင်စီတပ်ဖွဲ့ ရှေ့ပြေးစစ်ကြောင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ခါချဉ်တောင် ပတ်ကွေ့ကြီးအဆင်းတွင်  သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၅)က စောင့်ကြိုပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးသူရှိပြီး နောက်မှလိုက်လာသည့် စစ်ကောင်စီတပ်သားများက (၈၀)မမဖြင့် ပစ်ကူပေးလာခြင်းကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ခါချဥ်တောင်ရှိ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် စက်တင်ဘာလ (၉)ရက်နေ့က သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၅)က တိုက်ခိုက်မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ခါချဉ်တောင်အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

သိမ်းယူထားသည့် ခါချဥ်တောင်စခန်းကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီတပ်က စက်တင်ဘာလ (၁၄)ရက်နေ့ကစတင်ကာ စစ်ကြောင်းထိုးတိုက်ခိုက်နေခြင်းကြောင့် ခါချဉ်တောင်အနီးတဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

#TachileikNewsAgency