စစ်ကောင်စီတပ် အတွက် ရိက္ခာများ သယ်ပေးနေသည်ဟုဆိုသည့် ယာဉ်လိုင်းကို PRDF က ခရီးသည်များ ကားပေါ်က ဆင်းခိုင်းပြီးနောက် ကားကိုပစ်ခတ် အသိပေး

စစ်ကောင်စီတပ် အတွက် ရိက္ခာများ သယ်ပေးနေသည်ဟုဆိုသည့် ယာဉ်လိုင်းကို PRDF က ခရီးသည်များ ကားပေါ်က ဆင်းခိုင်းပြီးနောက် ကားကိုပစ်ခတ် အသိပေး
ဇန်နဝါရီ 27, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကောင်စီအတွက် ရိက္ခာပစ္စည်းများ ပို့ဆောင်ပေးနေသည့် ရွှေပုလဲသီ ခရီးသည်ယာဉ်လိုင်းအား ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) က ခရီးသည်များထိခိုက်မှုမရှိစေရန် စီစဉ်ပြီး ပစ်ခတ် သတိပေးခဲ့ကြောင်း ယနေ့ ဇန်နဝါရီလ(၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။ 

ရွှေပုလဲသီ ခရီးသည်တင်ယာဉ်လိုင်းသည် စစ်ကောင်စီအတွက် ရိက္ခာပစ္စည်းများ အကြိမ်ကြိမ် သယ်ဆောင်ပေးနေသည်ကို သတိပေးထားသော်လည်း ဆက်လက် လုပ်ဆောင်နေသောကြောင့် ပုလောမြို့နယ်၊ ကဒဲရွာ စစ်ဆေးရေးဂိတ်တွင် ဇန်နဝါရီလ(၂၆)ရက်နေ့က ယခုကဲ့သို့ ပစ်ခတ်သတိပေးခြင်းဖြစ်သည်ဟု PRDF က ဆိုသည်။

အပြင်းအထန် သတိပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ခရီးသည်များ မထိခိုက်စေရန် ကားပေါ်မှ ဆင်းခိုင်းကာ မှန်များအား ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီးနောက် မှန်ကွဲများကိုလည်း PRDF တပ်ဖွဲ့များက ပြန်လည်ရှင်းလင်းခဲ့ရကြောင်း  သိရသည်။

ထိုသို့သော ဖြစ်စဉ်ကြောင့် ကားပေါ်ပါလာသည့် ခရီးသွားပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပါက အနူးညွှတ်တောင်းပန်ကြောင်းလည်း PRDF က အသိပေးထားသည်။

စစ်ကောင်စီအတွက် အထောက်အကူပစ္စည်းများ သယ်ယူပို့ဆောင်ပေးနေသည့် ရွှေပုလဲသီယာဉ်လိုင်အား ပြည်သူများအနေဖြင့် ရှောင်ကြဉ်ကြရန်တိုက်တွန်းထားသည်။

 

Photo: PRDF