အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်ကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေနတ်တစ်လက်ရဟု PDFထုတ်ပြန်

အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်ကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေနတ်တစ်လက်ရဟု PDFထုတ်ပြန်

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် အေးမြသာယာမြို့သစ်၌ စစ်ကောင်စီတပ်ဖွဲ့ ဗိုလ်ကြီးတစ်ဦးကို ယနေ့ ၂၀၂၃ ခုနှစ် ဩဂုတ်လ (၃၁)ရက်နေ့ နံနက်ပိုင်းတွင် မြေအောက်ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အေးမြသာယာမြို့သစ်တွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်ကြီးတင်မျိုးအောင်သည် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးလာစဉ် သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ဗိုလ်ကြီးပစ်ခတ်ခံရပြီးနောက် ၎င်းထံမှ MA3 သေနတ်တစ်လက်၊ မိုလ်ဘိုင်းဖုန်းတစ်လုံး၊ ပိုက်ဆံအိတ်တစ်ခု၊ ၎င်းကိုင်ဆောင်သည့် မှတ်ပုံတင်နှင့် ပြန်တမ်းဝင် စိစစ်ရေးကတ်တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ထားသည်။ 

ထို့အပြင် ဩဂုတ်လ (၁၇)ရက်နေ့ကလည်း မင်းလှမြိုနယ်၊ မြိုချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းဘေးရှိ ပျဉ်းကတိုးခင်း သစ်တောဂိတ်တွင် ဂိက်ကြေးကောက်နေသည့် ပျူစောထီးနှင့် ၎င်း၏ဇနီးတို့အား သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ (၅)က ပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

၎င်းတို့နှစ်ဦးသည် ရိုးမအတွင်းရှိ PDFစခန်းများအား စစ်ကောင်စီတပ်ဖွဲ့ထံ သတင်းပေး တိုင်ကြားခြင်း၊ လိုက်လံပြသခြင်း၊ စကစတပ်သားများအတွက် ရိက္ခာထောက်ပံ့ပေးခြင်း၊ PDF ရဲဘော်များ၏ သွားလာလှုပ်ရှားမှုများကို စစ်ကောင်စီတပ်ဖွဲထံ သတင်းပေးဖမ်းဆီးခိုင်းခြင်း၊ စစ်ကောင်စီအတွက် ရိုးမအတွင်းမှ သစ်ခိုးထုတ်မှုများအတွက် ဂိတ်ကြေးကောက်ခံပေးခြင်းတို့ကို လုပ်ဆောင်နေသူများဖြစ်သည်ဟုဆိုသည်။

#TachileikNewsAgency