ကန့်ဘလူမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က နေအိမ်(၃၀)ကျော်ကို မီးရှို့ဖျက်ဆီးပြီး ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကို ဖမ်းဆီးကာ စိတ်ကျန်းမာရေးမကောင်းသူကို သတ်ဖြတ်သွား

ကန့်ဘလူမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က နေအိမ်(၃၀)ကျော်ကို မီးရှို့ဖျက်ဆီးပြီး ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကို ဖမ်းဆီးကာ စိတ်ကျန်းမာရေးမကောင်းသူကို သတ်ဖြတ်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ညောင်ဇင်ကြီးရွာမှ အိမ်ခြေ (၃၀)ကျော်ကို အာဏာသိမ်း စစ်ကောင်စီနှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီးပြီး  ကျောင်းထိုင်ဘုန်းကြီးကို ဖမ်းဆီးသွားသည့်အပြင် စိတ်ကျန်းမာ ရေးမကောင်းသူ အမျိုးသားတစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်သွားကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့၏ ညနေပိုင်းတွင် ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၁၅၀ ဝန်းကျင်သည် ညောင်ဇင်ကြီးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး ညောင်ဇင်အရှေ့ကျောင်းမှ  သက်တော်(၆၀) နှစ်ရှိ ကျောင်းထိုင်ဆရာတော် ဥူးသောမလအား ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် စိတ်ကျန်းရေးမကောင်သူ (၃၅)နှစ်အရွယ် ကိုမျိုးမင်းဦး(ခ)ကိုထွန်းမင်းဦးအား မီးရှို့သတ်ဖြတ်သွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

"ဘုန်းကြီးက သက်တော်လဲကြီးပြီ အေးအေးဆေးဆေးနေတော့ မပြေးမလွှားချင်ဘူ။ ကျောင်းမှာပဲ ဒီတိုင်းနေခဲ့တာ၊ ဘုန်းကြီးတော့ ဘာမှမလုပ်လောက်ဘူး တွေးပြီးနေခဲ့ရှာတာ။ စိတ်မမှန်တဲ့ကလေးက တောထဲရှောင်ဖို့ ခေါ်လို့မရတာ မလိုက်ချင်ဘူး။ ဘယ်လိုမှခေါ်လို့မရလို့ ရွာထဲထားခဲ့ရတာ။ အဲ့က‌လေး မီးရှို့သတ်ခံရတယ်ကြားရတော့ စိတ်မကောင်းဘူး။ တကယ်ကိုလူစိတ်မရှိကြဘူး။ အခုထိတော့ ရွာထဲလည်း ပြန်ဝင်မရသေးဘူး။ ကိုယ့်အိမ်မီးထဲပါမပါလဲမသိရသေးဘူး။ ရှိသမျှ ပစ္စည်းကတော့ ဟိုလူယုတ်မာတွေ အကုန်ခိုးသွားတယ်ကြားနေရတယ်။"ဟု  ညောင်ဇင်ကြီးရွာမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောကြောင်း ထုတ်ပြန်ထားသည်။ 

အာဏာသိမ်း စစ်ကောင်စီနှင့် ပျူစောထီးများ၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် အိမ်ခြေ (၃၀၀) နီးပါးရှိသည့် ညောင်ဇင်ကြီးရွာမှ နေအိမ် (၃၂)လုံးနှင့် ဆိုင်ကယ် (၁၇)စီးအပြင် လယ်ယာသုံး လက်တွန်းထွန်စက် (၃)စီး၊ ထွန်စက်အကြီးတစ်စီးနှင့် ဘုန်းကြီးကျောင်းတွင် လာထားကြသော ပြည်သူပိုင် စပါးတင်းရာနှင့်ချီ မီးလောင်‌ပျက်ဆီးဆုံးရှုံးသွားကြောင်း သိရသည်။

၎င်းအပြင် နေအိမ်များ၏ ရေမြှုပ်မီတာများနှင့် မီးမီတာများကိုပါ ရိုက်ခွဲဖျက်ဆီးခဲ့ကြပြီး မြေကြီးတွင် တူးမြှုပ်ထားသည့် အခြေခံစားသောက်ကုန်များပါမကျန် တူးဖော်၍ ခိုးယူသယ်ဆောင်ကြသည်  ဟု သိရသည်။

 

Photo: ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်