မူဆယ်နှင့် ကွတ်ခိုင်တွင် တိုက်ပွဲပြင်းထန်ပြီး အရပ်သားတစ်ဦးသေကာ ၃ ဦး ဒဏ်ရာရ

မူဆယ်နှင့် ကွတ်ခိုင်တွင် တိုက်ပွဲပြင်းထန်ပြီး အရပ်သားတစ်ဦးသေကာ ၃ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့တို့တွင် ၂၀၂၃ခုနှစ် သြဂုတ်လ (၃၀)ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် နမ့်ဖက်ကာမှ အမျိုးသမီးငယ်တစ်ဦး သေဆုံးကာ (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ် TNLA တပ်ဖွဲ့ရှိရာ လွယ်နောဖောင်သို့ စစ်ကောင်စီတပ်များဖြစ်သည့် စကခ(၁၇)၊ ခမရ (၅၇၇)၊ ရမခ/ခရလ(၄၅)တို့ ထပ်မံထိုးစစ်ဆင်လာသဖြင့် နံနက်ပိုင်းတွင် ခိုမုန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးက ယနေ့ ဩဂုတ်လ (၃၁)ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

ထို့နောက် ညနေပိုင်းတွင် TNLA တပ်မဟာ(၁)၊ တပ်ရင်း(၅၇၁)နှင့် (၁၁၂)တို့က မူဆယ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သော မန်မိုင်တပ်စခန်းနှင့် လွယ်ကျလော့တပ်စခန်း(၂)ခုအား တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားရာ လွယ်နောဖောင်နှင့် အနီးဝန်းကျင်သို့ စစ်ကောင်စီတပ် လွယ်ကျလော့စခန်းမှ (၆၀)မမဖြင့် (၁၀)ကြိမ်၊ မူဆယ်မြို့ တပ်စခန်းမှ (၃)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နမ့်ဖက်ကာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား အမျိုးသမီးငယ် တစ်ဦးသေဆုံးပြီး (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များသည် ဩဂုတ်လ (၂၈)ရက်နေ့ကစတင်ကာ TNLAတပ်ဖွဲ့များရှိရာနေရာများထံ ထိုးစစ်ဆင်လာရာက တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လေကြောင်းပစ်ကူများကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များပျက်စီးကာ ဒေသခံများလည်း ရွာလုံးကျွတ် ထွက်ပြေးနေကြရကြောင်း သိရသည်။

#TachileikNewsAgency