အမေရိကန်တွင် ကိုဗစ် ကပ်ရောဂါ ပြီးဆုံးသွားပြီဟု သမ္မတ ဂျိုးဘိုင်ဒန် ပြောကြား

အမေရိကန်တွင် ကိုဗစ် ကပ်ရောဂါ ပြီးဆုံးသွားပြီဟု သမ္မတ ဂျိုးဘိုင်ဒန် ပြောကြား
စက်တင်ဘာ 21, 2022 | နိုင်ငံတကာသတင်း| Covid-19
By Mr John

 

COVID-19 ကြောင့် အမေရိကန်များ သေဆုံးမှုအရေအတွက် ဆက်လက် မြင့်တက်နေသော်လည်း အမေရိကန်နိုင်ငံတွင် COVID-19 ကပ်ရောဂါ ပြီးဆုံးသွားပြီဟု သမ္မတဂျိုးဘိုင်ဒန်က ပြောကြားလိုက်သည်။ 

"ကျွန်တော်တို့ အများကြီးလုပ်နေရဆဲပါ။ ဒါပေမဲ့ ကပ်ရောဂါက ပြီးသွားပါပြီ" ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရုပ်မြင်သံကြား အင်တာဗျူးတွင် လူသိရှင်ကြား ပြောခဲ့သည်။

ကိန်းဂဏန်းများအရ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် အမေရိကန် (၄၀၀) ကျော်မှာ COVID-19 ကြောင့် သေဆုံးနေသည်ဟု ဆိုသည်။ 

သို့သော် CBS ရုပ်မြင်သံကြားသတင်းဌာန၏ 60 Minutes အင်တာဗျူးအစီအစဥ်တွင် သမ္မတဂျိုးဘိုင်ဒန်က ဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် များစွာလုပ်ဆောင်နေခဲ့ရသော်လည်း အခြေအနေမှာ လျင်မြန်စွာ တိုးတက်နေကြောင်း ပြောသည်။ 

"ခင်ဗျား သတိပြုမိမယ်ဆိုရင် ဘယ်သူမှ mask တပ်တာ မရှိတော့ဘူးလေ။ လူတိုင်းက အတော်လေး အခြေအနေ ကောင်းနေပုံရတယ်။ ဒါက ပြောင်းလဲနေတာလို့ ကျွန်တော်ထင်တယ်" ဟု ဂျိုးဘိုင်ဒန်က ဆိုသည်။

သို့သော် အစိုးရအရာရှိများက အမေရိကန်မီဒီယာကို စက်တင်ဘာလ (၁၉) ရက်နေ့တွင် ပြောကြားမှုအရ သမ္မတ၏မှတ်ချက်မှာ မူဝါဒပြောင်းလဲမည်ဟု အချက်ပြခြင်း မဟုတ်ကြောင်းနှင့် လက်ရှိ သတ်မှတ်ထုတ်ပြန်ထားသည့် COVID-19 ကျန်းမာရေးအရေးပေါ်အခြေအနေကို ရုပ်သိမ်းရန် အစီအစဥ် မရှိသေးကြောင်း သိရသည်။ 

အမေရိကန်တွင် ဩဂုတ်လအတွင်းက COVID-19 ကပ်ရောဂါနှင့် ပတ်သက်၍ အများပြည်သူဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေ ထုတ်ပြန်ထားမှုကို ထပ်မံ တိုးချဲ့သတ်မှတ်ခဲ့သည်။ 

ထိုအရေးပေါ်အခြေအနေကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလကတည်းက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်အထိ အမေရိကန်တွင် COVID-19 ကြောင့် လူ (၁) သန်းကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။ 

Johns Hopkins တက္ကသိုလ်မှ အချက်အလက်များအရ အမေရိကန်တွင် တစ်ရက်လျှင် ပျမ်းမျှ လူ (၄၀၀) ကျော် COVID-19 ကြောင့် သေဆုံးနေကြောင်းနှင့် ပြီးခဲ့သည့် သီတင်းပတ်တစ်ခုတည်း၌ လူ (၃,၀၀၀) ကျော် ထိုကပ်ရောဂါကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရလတွင်မူ အမေရိကန်၌ သီတင်းတစ်ပတ်အတွင်း COVID-19 ကြောင့် လူ (၂၃,၀၀၀) ကျော် သေဆုံးခဲ့သည်။ 

လက်ရှိတွင် အမေရိကန်လူဦးရေ၏ (၆၅) ရာခိုင်နှုန်းခန့်မှာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီး ဖြစ်သည်။ အမေရိကန်တွင် ကျန်းမာရေးဝန်ထမ်းများ၊ စစ်ဘက်ဆိုင်ရာအမှုထမ်းများနှင့် နိုင်ငံအတွင်း လေကြောင်းခရီးဖြင့် ဝင်ရောက်လာသည့် နိုင်ငံသားမဟုတ်သူများကို မဖြစ်မနေ COVID-19 ကာကွယ်ဆေးထိုးရန် သတ်မှတ်ထားသည်။

အမေရိကန်နိုင်ငံ National Institute of Allergy and Infectious Diseases ၏ အကြီးအကဲ ဒေါက်တာ Anthony Fauci က နိုင်ငံတွင် COVID-19 အခြေအနေ တိုးတက်လာကြောင်း စက်တင်ဘာလ (၁၉) ရက် အသိအမှတ်ပြုခဲ့သည်။

 သို့သော် နေ့စဥ် COVID-19 ကြောင့် သေဆုံးမှုအရေအတွက်မှာ လက်မခံနိုင်လောက်သည့် မြင့်မားနေမှုဟု ဆိုသည်။ လာမည့် ဆောင်းရာသီကာလတွင် COVID-19 ဗိုင်းရပ်စ်မျိုးကွဲများ ထွက်ပေါ်လာနိုင်ကြောင်းလည်း ၎င်းက သတိပေးခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က ကပ်ရောဂါအဆုံးသတ်ကို မြင်နေရပြီဟု ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြောခဲ့သည်။ 

ကမ္ဘာကြီးက COVID-19 ကပ်ရောဂါကို အဆုံးသတ်ရန် အကောင်းဆုံး အနေအထားရှိနေပြီဟု ၎င်းကဆိုသည်။ 

"ကျွန်တော်တို့ အဆုံးသတ်ကို မရောက်သေးပါဘူး။ ဒါပေမဲ့ အဆုံးသတ်ကို မြင်နေရပါပြီ" ဟု Tedros က ပြောသည်။

Source: BBC