ဘရာဇီးတွင် မိုးသည်းထန်မှုအတွင်း အနည်းဆုံး လူ (၄၄) ဦး သေဆုံးပြီး (၅၆) ဦး ပျောက်ဆုံးနေ

Photo: AFP
Photo: AFP
ဘရာဇီးတွင် မိုးသည်းထန်မှုအတွင်း အနည်းဆုံး လူ (၄၄) ဦး သေဆုံးပြီး (၅၆) ဦး ပျောက်ဆုံးနေ
By Mr John

ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး လူ (၄၄) ဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ ပျောက်ဆုံးနေကြောင်း ၂၀၂၂ ခုနှစ် မေလ (၂၉) ရက်နေ့တွင် အစိုးရက သတင်းထုတ်ပြန်သည်။

မိုးရွာသွန်းမှု ခေတ္တဆဲသွားချိန်တွင် ကယ်ဆယ်ရေးသမားများက အသက်ရှင်ကျန်သူများကို လိုက်လံရှာဖွေနေကြသည်ဟု ဆိုသည်။ 

"(၄၄) ဦး သေဆုံး၊ (၅၆) ဦး ပျောက်ဆုံး၊ (၂၅) ဦး ဒဏ်ရာရ၊ (၃,၉၅၇) ဦးက အိုးမဲ့အိမ်မဲ့ဖြစ်ပြီး (၅၃၃) ဦး နေရာရွှေ့ပြောင်းခဲ့ရတယ်လို့ စာရင်းရရှိထားပါတယ်" ဟု ဒေသဆိုင်ရာဖွံ့ဖြိုးရေးဝန်ကြီး Daniel Ferreira က သတင်းစာရှင်လင်းပွဲတွင် ပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှု အဆိုးဆုံးကြုံခဲ့ရသည့် ဘရာဇီးအရှေ့မြောက်ပိုင်း Pernambuco ပြည်နယ်၏ မြို့တော် Recife မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုဖြစ်ရပ်မှာ လတ်တလောကာလအတွင်း ရာသီဥတု ဆိုးရွားပြင်းထန်မှုကြောင့် လူသေဆုံးသည့် မြေပြိုမှုနှင် ရေကြီးမှုများ ဆက်တိုက်ဖြစ်ပေါ်နေသော ဘရာဇီးတွင် နောက်ဆုံးကြုံတွေ့လာရသည့် သဘာဝဘေးအန္တရာယ်လည်း ဖြစ်လာကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုအတွင်း သေဆုံးသူအရေအတွက်မှာ မေလ (၂၈) ရက်နေ့က (၃၄) ဦးမှ မြင့်တက်လာခြင်းလည်း ဖြစ်ပြီး ယင်းတို့အနက် အနည်းဆုံး (၂၈) ဦးမှာ မြေပြိုမှုများကြောင့် သေဆုံးခဲ့သည်ဟု ဆိုသည်။ 

မိုးသည်းထန်မှုကြောင့် မြစ်ရေများလျှံတက်ပြီး ရွှံနွံများ စီးဆင်းလာကာ လမ်းကြောင်းတစ်လျှောက် ရှိနေသမျှအရာအားလုံးကို ဖုံးလွှမ်းတိုက်စားသွားခဲ့ကြောင်း သိရသည်။ 

မေလ (၂၉)ရက်နေ့အထိ မိုးသည်းမည်ဟု ခန့်မှန်းထားကြသော်လည်း မိုးစဲသွားသဖြင့် အင်အား ၁,၂၀၀ ခန့်ရှိသည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်း ပြန်လည်စတင်ခဲ့ကြကြောင်း သိရသည်။ 

မိုးရွာသွန်းမှုရပ်သွားသော်လည်း လာမည့် ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားသဖြင့် သတိထားလုပ်ကိုင်ကြရန် သတိပေးထားရသည်ဟု သိရသည်။

 မေလ (၂၇) ရကနေ့ ညပိုင်းနှင့် မေလ (၂၈) ရက်နေ့ နံနက်ပိုင်းကြား ရွာသွန်းခဲ့သည့် မိုးရေချိန်မှာ ဘရာဇီးအရှေ့မြောက်ပိုင်း Pernambuco ပြည်နယ် Recife မြို့၏ နေရာအချို့တွင် မေလတစ်လုံးအတွက် ခန့်မှန်းထားသည့် မိုးရေချိန်၏ (၇၀) ရာခိုင်နှုန်း ဖြစ်ခဲ့ကြောင်း သိရသည်။



Source: AFP