ဘင်္ဂလားဒေ့ရှ်စစ်တပ်အတွက် ခဲယမ်းများ တင်ဆောင်လာသည့် ကုန်တင်လေယာဥ် ဂရိတွင်ပျက်ကျပြီး အမှုထမ်းအားလုံး သေဆုံး

ဘင်္ဂလားဒေ့ရှ်စစ်တပ်အတွက် ခဲယမ်းများ တင်ဆောင်လာသည့် ကုန်တင်လေယာဥ် ဂရိတွင်ပျက်ကျပြီး အမှုထမ်းအားလုံး သေဆုံး
ဇူလိုင် 18, 2022 | နိုင်ငံတကာသတင်း
By Mr John

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆာဘီးယားနိုင်ငံမှ ဝယ်ယူထားသည့် ခဲယမ်းမီးကျောက်များ တင်ဆောင်လာသော ယူကရိန်းကုန်တင်လေယာဥ်တစ်စီး ဂရိနိုင်ငံအတွင်း ပျက်ကျခဲ့ရာ လိုက်ပါလာသည့် လေယာဥ်အမှုထမ်း (၈) ဦးလုံး သေဆုံးခဲ့ကြောင်း ဆာဘီးယားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ (၁၇) ရက်နေ့တွင် ပြောသည်။ 

မျက်မြင်တွေ့သူများ၏ အဆိုအရ ပုဂ္ဂလိကပိုင် Antonov ကုန်တင်လေယာဥ်မှာ မီးလောင်ခဲ့ပြီး ပေါက်ကွဲသံများကြားခဲ့ရကြောင်း သိရသည်။ 

ဇူလိုင်လ (၁၆) ရက် ညပိုင်းက ပျက်ကျခဲ့သည့် လေယာဥ်မှာ ကြီးမားသည့် မီးလောင်မှုဖြစ်ပွားခဲ့သည်ကို ဆိုရှယ်မီဒီယာတွင် မျှဝေထားသည့် ဗီဒီယိုများတွင် တွေ့ရသည်။

Antonov An-12 ကုန်တင်လေယာဥ်က ဆာဘီးယားတောင်ပိုင်း Nis လေဆိပ်မှ ဒေသစံတော်ချိန် ဇူလိုင်လ (၁၆) ရက် ည (၈) နာရီ (၄၀) မိနစ်ဝန်းကျင်က ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာလာခဲ့ပြီး ခဲယမ်းမီးကျောက် (၁၁) တန်ခန့် တင်ဆောင်လာခဲ့သည်။ 

ထိုခဲယမ်းမီးကျောက်များကို ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဝန်ကြီးဌာနက ဆာဘီးယားအခြေစိုက် ပုဂ္ဂလိက ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Valir ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဆာဘီးယားကာကွယ်ရေးဝန်ကြီး Nebojsa Stefanovic က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ကုန်တင်လေယာဥ် ပျက်ကျမှုအတွင်း သေဆုံးခဲ့သည့် လေယာဥ်အမှုထမ်းအားလုံးမှာ ယူကရိန်းနိုင်ငံသားများဖြစ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

ကနဦး စုံစမ်းစစ်ဆေးမှုများအရ လေယာဥ်၏ အင်ဂျင်တစ်လုံး ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသား Oleg Nikolenko က Facebook တွင် ပြောထားသည်။

ကုန်တင်လေယာဥ်ကို ပိုင်ဆိုင်သည့် ယူကရိန်းလေကြောင်းလိုင်း Meridian ၏ အထွေထွေညွှန်ကြားရေးမှူး Denys Bogdanovych ကလည်း လေယာဥ်ပျက်ကျွန်မှုအတွင် သေဆုံးခဲ့သည့် အမှုထမ်းအားလုံးမှာ ယူကရိန်းများဖြစ်ကြောင်း ဂျာမန်သတင်းဌာန Deutsche Welle ကို အတည်ပြုခဲ့သည်။ 

လေယာဥ်ပျက်ကျခဲ့သည့်နေရတွင် အပျက်အစီးများ ပြန့်ကျဲနေကြီး အနီးတဝိုက်တွင် လယ်ကွင်းများကို တွေ့ရသည်။

ထိုလေယာဥ်မှာ ဂရိနိုင်ငံမြောက်ပိုင်း Kavala မြို့ အနောက်မြောက်ဘက် (၁၄) မိုင်ကျော်အကွာအရှိ Paleochori ကျေးရွာအနီး ဒေသစံတော်ချိန် ဇူလိုင်လ (၁၆) ရက် ည (၁၁) နာရီဝန်းကျင်တွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဂရိမီးသတ်ဌာနက ထုတ်ပြန်သည်။ 

ပျက်ကျခဲ့သည့် ကုန်တင်လေယာဥ်က Kavala မြို့ရှိ လေဆိပ်တွင် အရေးပေါ်ဆင်းသက်ခွင့် တောင်းခဲ့သော်လည်း ဆင်းသက်နိုင်ခဲ့ခြင်းမရှိကြောင်း ဂရိလေကြောင်းထိန်းသိမ်းရေးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်စစ်တပ်က ထိုလေယာဥ်မှာ ၎င်းတို့ဝယ်ယူထားသော ခဲယမ်းမီးကျောက်များကို ပို့ဆောင်သည့်လေယာဥ်ဖြစ်ပြီး ဆာဘီးယားထံမှ ဝယ်ယူထားသော ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့အတွက် လေ့ကျင့်ရေးသုံး မော်တော်ကျည်များဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ 

ယခုပို့ဆောင်မှုတွင် လက်နက်များမပါဝင်ဘဲ ခဲယမ်းမီးကျောက်များသာဖြစ်ပြီး ပို့ဆောင်မှုကို အာမခံလုပ်ထားကြောင်း ဘင်္ဂလားဒေ့ရှ်စစ်တပ်က ပြောသည်။

လေယာဥ်ပျက်ကျမှုဖြစ်ပြီး မီးလောင်မှုကို ငြှိမ်းသတ်ခဲ့သည့် ဂရိမီးသတ်သမားများအနက် (၂) ဦးမှာ အဆိပ်သင့် အခိုးအငွေ့များကြောင့် အသက်ရှူကျပ်ခဲ့ရာ ဇူလိုင်လ (၁၇) ရက် နံနက်ပိုင်းတွင် ဆေးရုံပို့ခဲ့ရသည်ဟု ဆိုသည်။ 

လေယာဥ်ပျက်ကျသည့်နေရာတွင် အပျက်အစီးများနှင့် မပေါက်ကွဲသေးသည့် ခဲယမ်းများကို ရှင်းလင်းပြီးချိန်အထိ ထိုနေရာအနီးရှိ လယ်ကွင်းများအတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် ရွာသားများကို တားမြစ်ထားခဲ့သည်။ 

လေယာဥ်ပျက်ကျသည့်နေရာ၏ တစ်မိုင်ကျော်ပတ်လည်အတွင်း နေထိုင်ကြသူများကိုလည်း အိမ်ထဲတွင်နေပြီး mask တပ်ထားကြရန် ဇူလိုင်လ (၁၆) ရက် ညဥ့်နက်ပိုင်းတွင် ညွှန်ကြားခဲ့ကြောင်း သိရသည်။

Source: AFP, Reuters

Photo: AP /Giannis Papanikos, REUTERS/Alkis Konstantinidis,