ရှားတောတွင် စစ်ကောင်စီထောက်ပို့စစ်ကြောင်း တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းများစွာရ

ရှားတောတွင် စစ်ကောင်စီထောက်ပို့စစ်ကြောင်း တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းများစွာရ
သြဂုတ် 25, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ရှားတောမြို့နယ်အတွင်း ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့အား ကရင်နီတော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းများစွာကို တော်လှန်ရေးတပ်များဘက်က သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ ခမရ(၅၁၉)အား ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီစစ်ဘက်သတင်းများဖော်ပြနေသည့် တယ်လီဂရမ်ချန်များက ဖော်ပြထားသည်။ 

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ကရင်နီတပ်မတော်(KA)ဌာနချုပ်အနီး တောင်ကုန်းအမှတ်(၂၈၈၈)နှင့် (၃၂၂၂)တို့ရှိ တပ်စခန်းနှစ်ခုအား ရိက္ခာထောက်ပို့ရန် ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသည့် တပ်ရင်းဖြစ်ပြီး (၂၈၈၈)နှင့် မေယုကြားတွင် ‌‌ကရင်နီတော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ပြီးနောက် ယင်းကဲ့သို့ လက်နက်ခဲယမ်းများစွာကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ကရင်နီစစ်ဘက်ဆိုင်ရာသတင်းများဖော်ပြနေသည့် Job For Kayah တယ်လီဂရမ်ချန်နယ်တွင်မူ လက်နက်ငယ်များ၊ စိန်ပြောင်းများ၊ ပစ္စတိုသေနတ် အပါအဝင် ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။

#TachileikNewsAgency

Photo :Job For Kayah(JFK)