စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်တစ်ဦးကို လက်နက်ခဲယမ်းနှင့်အတူဖမ်းမိ၍ တနင်္သာရီပကဖက ထိန်းသိမ်းထား

စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်တစ်ဦးကို လက်နက်ခဲယမ်းနှင့်အတူဖမ်းမိ၍ တနင်္သာရီပကဖက ထိန်းသိမ်းထား
အောက်တိုဘာ 5, 2022 | 2021 Military Coup| အခြားဒေသများ
By Tachileik News Agency

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာမှ စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်(ခေါ်) ပျူစောထီးတစ်ဦးကို လက်နက်ခဲယမ်းအပြည့် အစုံဖြင့် ဖမ်းဆီးရမိ၍ ထိန်းသိမ်းထားကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

 ပျူစောထီး ကိုနိုင် (ခ)မတ်အိရှာဆိုသူအား အောက်တိုဘာလ ၄ ရက်၊ ညနေပိုင်းတွင် ဖမ်းဆီးရမိခြင်းဖြစ်ပြီး ၎င်းထံမှ M-16 သေနတ်(၁)လက်၊ လက်ပစ်ဗုံး (၁)လုံး၊ ပြည်သူ့စစ်ဝတ်စုံ (၁)စုံ၊ ကျဥ်ဘောက် (၅)ခု၊ ကျည်(၁၅၇)တောင့်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် ကိုနိုင်(ခ)မတ်အိရှာအား သက်ဆိုင်ရာကို ပို့ဆောင်ထိန်းသိမ်းထားသည်ဟု သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ဒေသအသီးသီးတွင် ၎င်းတို့၏လက်အောက်ခံ ပြည်သူ့စစ် (ပျူစောထီး)အဖွဲ့များအား ဖွဲ့စည်းလက်နက်တပ်ဆင်ပေးပြီး အသုံးပြုနေခြင်းဖြစ်သည်။